
မကွေးတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေ ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန် မြှင့်တင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်မဟာ ၇၊ တပ်ရင်း ၇၀၃၊ ရေစကြို-PDF ရဲ့ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက “ကျနော်တို့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးကို ရေစကြို-PDF၊ NYSO PDF၊ KNT ပြောက်ကျားတပ်၊ MRGF နဲ့ သံမဏိသိန်းငှက် PDF တို့ပူးပေါင်းပြီး ဇွန်လ ၇ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၅၆ နဲ့ ခလရ ၂၅၈ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့နေ့က ပထမဆုံးစတင်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မဟာမိတ်စစ်ဆင်ရေးဟာ ဇွန် ၇ ရက်ကနေ ဒီနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်တာနဲ့ဆိုရင် ၈ ကြိမ်မြောက်ထိရှိလာပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၃ ယောက်သေဆုံးပြီး ၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှိုင်းတေဇ “ကျနော်တို့က တဖွဲ့ချင်းစီဆိုရင် လမ်းကြောင်းအခက်အခဲကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် ပစ္စည်းပြတ်တောက်တာတွေ ကြုံရပြီး မဟာမိတ်ဖွဲ့ထားလိုက်တော့ တဖွဲ့မဟုတ် တဖွဲ့မှာ မစ်ရှင်အတွက် လိုအပ်နေတဲ့ပစ္စည်းက ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ပိုပြီး မြင့်မားလာတယ်။ တဖွဲ့ချင်းစီ သီးသန့်လုပ်ဆောင်တာထက် မဟာမိတ်အနေနဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ အချင်းချင်း နည်းပညာတွေ မျှဝေကြတယ်၊ ပစ္စည်းတွေ ကူညီမျှဝေ သုံးစွဲကြတယ်။ ဒါကြောင့် ဖောက်ခွဲတိုက်ခိုက်ရေး စွမ်းရည်တွေ မြင့်မားလာပြီး မြေပြင်စည်းလုံးမှုအတွက်လည်း တည်ဆောက်နိုင်ကာ နယ်မြေစိုးမိုးရေးအတွက်ပါ အထောက်အကူပြုတယ်” လို့ ပြောပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်နိုင်ဖို့၊ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူစုဆောင်းနိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း ၁၊ တပ်ရင်းမှူး ဗိုလ်လက်ယာက “ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ တစုတစည်းတည်းမဟုတ်ဘဲ ခွဲခြားလုပ်ဆောင်နေရင် အောက်ခြေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်ပြီး ခေါင်းဆောင်တွေက ဖြေရှင်းပေးရတာတွေရှိတယ်” လို့ ပြောပါတယ်။
ပထမဆုံးအနေနဲ့ မဟာမိတ်တပ်ပေါင်းစုမှာ ချမှတ်မယ့် စည်းကမ်းချက်တွေ သတ်မှတ်ပြီး ခေါင်းဆောင်တွေ လက်မှတ်ထိုးမယ်၊ အောက်ခြေတပ်ဖွဲ့ဝင်တွေကိုလည်း အဆင့်ဆင့်ရှင်းပြကာ ခေါင်းဆောင်တွေကော အောက်ခြေ ရဲဘော်တွေပါ အဲဒီစည်းကမ်းချက်တွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။
ဗိုလ်လက်ယာက “ကျနော်တို့ မြိုင်၊ ရေစကြို၊ ပေါက်မြို့နယ်တွေမှာ မိုင်းကွင်းတွေရှိနေလို့ တရွာချင်းစီ ဆက်သွယ်နေရလို့ ဆက်သွယ်ဖို့ အခက်အခဲရှိတယ်။ မဟာမိတ်ဖွဲ့လိုက်ခြင်းအားဖြင့် ခေါင်းဆောင်တယောက်ကို ပြောလိုက်တာနဲ့ အောက်ခြေအထိ အဆင်ပြေတယ်။ ဒေသတွင်း တပ်ဖွဲ့ငယ်လေးတွေအနေနဲ့ လူငယ်လေးတွေက တက်ကြွတော့ ရှေ့နောက်မကြည့်ဘဲ စစ်(...)လာပြီဆိုတာနဲ့ ထိတွေ့မှုတခါတည်း တမ်းလုပ်တော့ မလိုလားအပ်ဘဲ ကျဆုံးမှုတွေရှိတယ်။ ကျနော်ကတော့ တမြို့နယ်လုံးရဲ့ ကျဆုံးမှုတွေကို စစ်တမ်းကောက်နေပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ငယ်တွေကိုလည်း ခေါ်ယူတွေ့ဆုံတာတွေ ပြုလုပ်ပြီး ခေါင်းအစ ခြေအဆုံး မဆင်ပေးနိုင်ရင်တောင် လိုအပ်တဲ့ထောက်ပံ့မှုတွေလည်း ပြုလုပ်ပေးနေတယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။