
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို ဇူလိုင် ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ကျားပစ်ကန်ကျေးရွာကို ဒီနေ့ ဇူလိုင် ၂၈ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၇၀ လောက်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကျားပစ်ကန်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“မီးခိုးလုံးတွေ မီးတောက်တွေတော့ အဝေးကပဲ လှမ်းမြင်နေရတယ်။ ဘယ်သူမှလည်း မီးသွားမငြှိမ်းရဲဘူး။ အဲဒီစစ်(...)တွေက မနေ့က ဇူလိုင် ၂၇ ရက်နေ့ မနက် ၈ နာရီကတည်းက စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ အသက် လေးနှစ်အရွယ် ကလေးငယ်တယောက် သေဆုံးကာ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်။ ကျနော်တို့ကတော့ မနေ့က လက်နက်ကြီးကျည် ကျကတည်းက ထွက်ပြေးလာရတာဗျ။ ကျနော်တို့ရွာက အိမ်ခြေ ၂၈၀ ကျော်ရှိပြီး အိမ်ခြေဘယ်လောက် မီးထဲပါသွားတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ များတော့ များနိုင်တယ်။”
မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာကိုလည်း ဒီနေ့မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအင်အား ၅၀ လောက်ပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကျောက်ဆောက်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့လည်း ထွက်ပြေးနေရတာဆိုတော့ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတဲ့အနက် အိမ်ခြေဘယ်လောက် မီးလောင်ခဲ့တယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ အဝေးကပဲ မီးခိုးလုံးတွေ လှမ်းမြင်ကြရတာ။”
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ကျောက်ဆောက်၊ ရွာသစ်၊ မကျီးချို၊ ပိုက်သင်နဲ့ စဘေ ကျေးရွာတွေက ဒေသခံပြည်သူအားလုံး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။