DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ဂျပန်က ထပ်မံ ခေါ်ယူ စစ်ပညာသင်ပေး
DVB
·
July 27, 2022
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ဂျပန်က ထပ်မံ ခေါ်ယူ စစ်ပညာသင်ပေး
1 / 3
Donate to DVB

မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို သိလျက်နဲ့ ဂျပန်စစ်တက္ကသိုလ်က မြန်မာစစ်တပ်အရာရှိ ၄ ဦးကို စစ်ပညာသင်ကြားပေးနေတာဟာ  လုံးဝ လက်ခံစရာမရှိဘူးလို့  မြန်မာနိုင်ငံမှာ အကျဉ်းကျခဲ့ဖူးတဲ့ ဂျပန်သတင်းထောက် မစ္စတာယူခီ ခိတဇူမိက ပြောကြားလိုက်ပါတယ်။

မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက အပြင်းအထန် ကန့်ကွက်တားမြစ်နေတဲ့ကြားက အကြမ်းဖက်မြန်မာစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်နောက်ထပ်  ၄ ယောက်ဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့  အစီအစဉ်နဲ့ ဂျပန်ကာကွယ်ရေးစစ်တက္ကသိုလ်မှာ တက်ရောက်ဖို့ ပြီးခဲ့တဲ့ ဇွန်လက စတင် ရောက်ရှိလာတာ ဖြစ်ပါတယ်။

မြန်မာ့အရေး အရေးပေါ်ကြားနာပွဲတခုကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ချီအိုဒရှိ ဂျပန်လွှတ်တော်အမတ်များအဆောက်အအုံမှာ ဇူလိုင် ၂၇ ရက် ဒီနေ့ ကျင်းပခဲ့ရာမှာ မြန်မာစစ်တပ်အရာရှိတွေကို စစ်သင်တန်းပေးတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ် အိချိဘရှိက ဖြေရှင်းချက်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ရေရာစွာပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိဘူးလို့  ကြားနာပွဲကို ကိုယ်တိုင်တက်​ရောက်ခဲ့တဲ့ ဂျပန်သတင်းထောက် ယူခီခိတဇူမိက ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အထောက် အကူပြုသလိုဖြစ်နေတယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံ လေကြောင်းကွပ်ကဲမှုကောလိပ်မှာ ၂၀၁၆  ခုနှစ် သြဂုတ်မှ ၂၀၁၇ ခုနှစ်မတ်လအထိ လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာစစ်တပ်က ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးဟာ မကွေးတိုင်းအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်နေတယ်လို့ Justice for Myanmar နဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တို့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး  ဂျပန်နိုင်ငံအနေနဲ့ တခြားသင်တန်းတွေမှာပါ ခုလို စစ်ရာဇဝတ်မှု ချိုးဖောက်မှုတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိကို စုံစမ်းပေးဖို့ လည်း လူ့အခွင့်အရေးအဖွဲ့ တွေက တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လကလည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက  မြန်မာစစ်တပ်အရာရှိတွေကို အလားတူ လက်ခံ စစ်ပညာသင်ပေးခဲ့ပြီး အခု ဒုတိယအကြိမ်မြောက် ထပ်မံ လက်ခံတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်စပြီး  မြန်မာစစ်တပ်အရာရှိတွေကို ဂျပန်က စတင်လက်ခံခဲ့ပြီး နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ ဝါတာနာဘေးတို့က အဆိုပါအစီအစဉ်မှာ အဓိကပါဝင်ပတ်သက်ခဲ့သူတွေ ဖြစ်ပါတယ်။ 

လက်ရှိ ဂျပန်မှာ မြန်မာစစ်ဘက်ဆိုင်ရာ အရာရှိ စုစုပေါင်း ၁၃ ယောက်ကို လက်ခံသင်ကြားနေပြီး  ဂျပန်ကာကွယ်ရေးဆိုင်ရာလေ့လာရေး အမျိုးသားအင်စတီကျုအပါအဝင် ဂျပန်ကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်ကောလိပ်တွေက  မြန်မာစစ်တပ်အဆင့်မြင့်အရာရှိ ၁၇ ယောက်ကို သင်တန်းဘွဲ့ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးတပ် (SDF) ဥပဒေအရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ တပ်ဖွဲ့ဝင်တွေကို စစ်ပညာနဲ့ အဆင့်မြင့်လေ့ကျင့်ရေးမှုအထောက်အကူပညာရပ်တွေကို လက်ခံ​သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013