
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ နေရာ ၄ နေရာကို ဇူလိုင် ၂၆ ရက် ညပိုင်းက ဗုံး ၈ လုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်ဧရာနဂါးက ဒီဗွီဘီကို ပြောပါတယ်။
“ညက ၄ နေရာကို ဗုံး ၈ လုံးခွဲ တိုက်ခဲ့ပါတယ်။ အကြမ်းဖက်စစ်သား၊ ရဲတွေ ထိခိုက်မှုရှိတယ်။ သူတို့ရမ်းပစ်တာလုပ်လို့ လက်နက်ငယ်နဲ့ ပြန်တိုက်ခိုက်ခဲ့သေးတယ်။ ကျနော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ပါတယ်။”
ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဇူလိုင် ၂၆ ရက် ည ၇ နာရီကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဉ်းဦးစီးနဲ့ ရဲစခန်းထောင့် ၄ နေရာကို ဗုံး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူကမလိုချင်တဲ့ စစ်အာဏာရှင် ကျဆုံးမှာ အမှန်ပါ။ ကျနော်တို့ပြည်သူတွေအစား ပြောရရင် ဘယ်တော့မှ ပြည်သူတွေ နောက်မဆုတ်ပါဘူး။ ကျနော်တို့ ဒါ့ထက်ပိုပြီး တော်လှန်တိုက်ခိုက်သွားမှာပါ။ ဧရာဝတီတိုင်းရဲ့ မြေပုံအနေအထားအရ သေချာလေ့လာရေးဆွဲပြီး တော်လှန်ရေးအရှိန်တွေ မြှင့်သွားမှာပါ။ ဘာအကြောင်းနဲ့မှ နောက်မဆုတ်သလို သေချာကျစ်လစ်စွာ ဖွဲ့စည်းထားပါတယ်။ ပြည်သူကစခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်လို့ ကျနော်တို့ပြည်သူတွေကပဲ ဒီအရေးတော်ပုံကြီး အဆုံးသတ်ဖို့ ဝိုင်းဝန်း နိုင်ရာတာဝန်ယူပြီး ပါဝင်ပေးကြပါ။ ကျနော်တို့ ရှေ့ဆက်ပြီး အရှိန်တွေတိုးမြှင့် စစ်အာဏာရှင်ကျဆုံးရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စကစကို တော်လှန်တိုက်ခိုက်သွားမှာ။ ပြည်သူ့အရေးတော်ပုံ မုချအောင်ကိုအောင်မည်” လို့ ဗိုလ်ဧရာနဂါးက ဒီဗွီဘီကို ပြောပါတယ်။
ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဟင်္သာတမြို့မှာ ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံး၊ ခလရ ၁၈ တပ်ဂိတ်တွေကို တိုက်ခိုက်ခဲ့ပြီး အခုအကြိမ် တိုက်ခိုက်မှုဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။
ပြည်သူတွေက သတင်းပေးတာ၊ အကြမ်းဖက်စစ်တပ်၊ ရဲတွေသွားတဲ့ လမ်းကြောင်းကို ပြည်သူတွေက ကြိုတင်အသိပေးစေလိုကြောင်းနဲ့ တီထွင်ထားတဲ့ အဝေးပစ်စနစ်တွေရော အဘက်ဘက်က တိုက်ခိုက်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့ ရဲဘော်တွေကို ခိုလှုံခွင့်ပေးတာကအစ ရဲရင့်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်လို့ ဧရာနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။