
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ရွာကို ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး ကလေးငယ်တယောက် သေဆုံးကာ ပြည်သူ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ကျားပစ်ကန်ရွာကို ဒီနေ့မနက် ၈ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ အသက် ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူ အခင်းဖြစ်နေရာမှာ သေဆုံးကာ အဘိုးဖြစ်သူ ဦးသန်းငွေရဲ့တင်ပါးမှာ ဒဏ်ရာရရှိခဲ့တယ်။
အိမ်နီးနားချင်း ဒေါ်မိစိန်ရဲ့ ခြေထောက်၊ မြေးချွေးမ မမေသူစိုးရဲ့ ဦးခေါင်းနဲ့ အသက် ၁၄ နှစ်အရွယ် မောင်အောင်ဖြိုးဇော်ရဲ့နဖူးမှာ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကျားပစ်ကန်ရွာ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ကျမတို့ရွာဘက်ကို လက်နက်ကြီးက ရုတ်တရက်ကျလာတာဖြစ်လို့ ရှောင်တိမ်းချိန် မရလိုက်ဘူး။ ခု လက်နက်ကြီးကျတော့မှ ရွာကလူတွေအားလုံး တောထဲတွေကို ထွက်ပြေးကြတာ။ လက်နက်ကြီးကျပြီး စစ်(...)တွေ အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတယ်လို့ ကြားတော့ အသက်လုပြီး ထွက်ပြေးကြရတာ၊ စားစရာသောက်စရာလည်း ဘာမှပါမလာဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကော သက်ကြီးရွယ်အိုတွေပါ ထွက်ပြေးရတော့ အရမ်းဒုက္ခရောက်တယ်။ ကျမအဘွားဆိုရင် မပြေးနိုင်လို့ ခြင်းနဲ့ပိုးပြီး သယ်ယူခဲ့ရတာ။”
စစ်ကောင်စီတပ်ဟာ သရဖီရွာဘက်ကနေ တက်လာပြီး ချောင်းပြင်မှာ နွားကျောင်းနေတဲ့ နွားကျောင်းသားတွေကိုလည်း ဖမ်းထားသလို အခုလည်း အိမ်တွေပေါ်ကို လက်နက်ကြီးတွေ တောက်လျှောက်ကျနေတယ်လို့ ဆိုပါတယ်။
“စားစရာလည်း ဘာမှမပါဘူး၊ သောက်စရာရေလည်း မရှိဘူး။ အနီးနား တဲတွေကပဲ အကူအညီ တောင်းကြရမှာ။ ဒဏ်ရာရသူတွေကလည်း သွေးတွေနဲ့ ပြေးနေရတာ၊ ဆေးကုမယ့်သူလည်း မရှိဘူး။ ခေါင်းမှာဒဏ်ရာရတဲ့ အစ်မကတော့ စိုးရိမ်ရတယ်။ စစ်(...)တွေဟာ ဒီလိုရမ်းပစ်ရင် ပြည်သူတွေကို ထိမယ်ဆိုတာ သိသိနဲ့ လူစိတ်မရှိလို့ ဒီလိုလုပ်ကြတာ။ သေဆုံးခဲ့တဲ့ ကလေးလေးကိုတော့ ပွေ့ချီလာပြီး တောထဲမှာပဲ သင်္ဂြိုဟ်ဖို့ လုပ်နေကြတယ်။”
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ခံရသူ သူရဲကောင်း ၄ ယောက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ပေါက်မြို့နယ်မှာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။