မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အထွက်မှာ ဇူလိုင် ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ကနေ ပဲခူးတိုင်း ဝေါမြို့နယ်ဘက် ထွက်ခွာမယ့် ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KPF နဲ့ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီစစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ပြီးနောက် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကလော့ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က၉ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာပါ။
ကျိုက်ထိုမြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေပေမယ့် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။