
စစ်ကိုင်းတိုင်းဒေကြီး၊ ခင်ဦးမြို့နယ်၊ မကြီးအုပ်ကျေးရွာအတွင်းကို ဇူလိုင် ၂၆ ရက် မနက် ၅ လောက်က စစ်ကောင်စီတပ်တွေ ရွာထဲစစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရမ်းသန်းပစ်ခတ်ခဲ့ကြတာကြောင့် ကလေးတဦးနဲ့ PDF ခေါင်းဆောင်တဦးတို့ ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၂၆ မနက်အစောပိုင်းကတည်းက ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"မနက်က မြင်းဒေါင်းဘက်ကနေ သေနတ်တွေနဲ့ပစ်ပြီး ရွာထဲဝင်ချလာတယ်။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၈၀ ကျော်လောက်ရှိမယ်။ မကျီးအုပ်ရွာက ၁၃ နှစ်အရွယ် ကလေးတစ်ယောက် လက်မောင်းသေနတ်ကျည်ထိလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကနေ ဆေးကုသဖို့ရာ လွတ်ရာကို ကယ်ထုတ်ရာကနေ လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့တွေ့လို့ ပစ်သတ်ခံလိုက်ရတယ်။ နောက်ပြီး ဒဏ်ရာရတဲ့ ကလေးလည်း သွေးထွက်လွန်လို့ သေဆုံးခဲ့ရတယ်။"
စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မောင်ခန့် ကျည်ထိမှန်ပြီး ရွာအထွက်လမ်းမှာ ဒဏ်ရာရကျန်နေခဲ့လို့ PDF အဖွဲ့တဖွဲ့ရဲ့ ဗိုလ်ဌေးဝင်းက သွားကယ်ထုတ်စဉ် ပစ်ခတ်ခံရတာကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“စကစ တပ်သားတွေ ရွာထဲဝင်လာလို့ သားဖနှစ်ယောက်ဆိုင်ကယ်နဲ့ ထွက်ပြေးကြတာ အဲဒီအချိန်မှာ စကစ တပ်သားက သေနတ်နဲ့ပစ်လိုက်တာ ကလေးရဲ့ရင်ဘတ်နဲ့လက်မောင်းကို ထိသွားပြီး ကလေးက ပြုတ်ကျကျန်ခဲ့တယ်။ ဖခင်ကတော့ သားလေးပါတယ်ဆိုပြီးတော့ မောင်းထွက်လာတာပေါ့။ နောက်မှ မပါလာတာကိုသိတော့ ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ကာကွယ်ရေးအဖွဲ့တွေကို ပြောပြတယ်။ အဲတော့ ဗိုလ်ဌေးဝင်းနဲ့အဖွဲ့ဝင် ၄ ယောက်က ကားတစီးနဲ့ ကလေးကိုကယ်ဖို့ သွားကြတယ်။ အဲဒီမှာ ပစ်ခတ်မှုဖြစ်လို့ ဗိုလ်ဌေးဝင်း ကျသွားခဲ့တာပါ။ ကျန်တဲ့သုံးယောက်နဲ့ ကလေးက လွတ်လာခဲ့တယ်။”
ဒဏ်ရာရထားတဲ့ ကလေးကို ကယ်ထုတ်ပြီး အနီးအနားရှိ ဆေးခန်းကို ကုသဖို့သွားနေစဉ် လမ်းမှာတင် သွေးထွက်လွန်ပြီး သေဆုံးသွားတာလို့ ခင်ဦးမြို့နယ် KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။
“ကာကွယ်ရေးခေါင်းဆောင်က အဲ့ကလေးကို ကားပေါ် တင်ပြီးတော့ ကားနဲ့မောင်းထွက်အပြေးမှာ ရွာထိပ်ကနေ ပတ်ဝင်လာတဲ့ (-) အဖွဲ့နဲ့တွေ့ပြီး ပိတ်မိတာ၊ ကာကွယ်ရေးခေါင်းဆောင်ပါ အသတ်ခံရတာ။”
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်လာတာကြောင့် မကြီးအုပ်ကျေးရွာ၊ ရွာသစ်ကုန်း၊ အင်းပတ်၊ မြင်းဒေါင်း၊ မြကန်၊ မြစ်ခြေကျဉ်း၊ ကျွန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေမကြာခဏ စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးသိမ်းယူတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဓားစာခံပြုလုပ်နေတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ခင်ဦးမြို့မှာ ဇူလိုင် ၂၃ ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့များမှ မြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဝိုင်းပတ်မှာ ဆန္ဒပြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်းနဲ့မြို့ပြင်တွေမှာ ပုံစံမျိုးစုံနဲ့ ကင်းပုန်းဝပ်စောင့်ကြည့်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။