ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ တာဝန်ကျပြီး ရခိုင်ပြောင်းရွှေ့ရမယ့်အထဲက ရဲတဦး ဇူလိုင်လ ၁၉ ရက်နေ့က ထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ထွက်ပြေးသွားတဲ့ ရဲဟာ ရေကြည်မြို့ရဲစခန်းမှာ နယ်ထိန်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲတဦးဖြစ်ပြီး ခုချိန်ထိပြန် ဖမ်းမမိသေးဘူးလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ထွက်ပြေးရင်လည်း လွတ်အောင်ပြေးစေချင်တယ်။ ပြန်မမိစေချင်ဘူး၊ ခုတော့ စခန်းက ခွင့်မဲ့တင်ထားတယ်၊ ရဲပြေးတော့ မလုပ်သေးဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရေကြည်မြို့မရဲစခန်းကနေ ထွက်ပြေးသွားတဲ့ နယ်ထိန်းရဲဟာ ငပိဆိပ်ချောင်းဖျားကျေးရွာမှာ နယ်ထိန်းလုပ်ရသူဖြစ်ပြီး ပြန်ဖမ်းမိဖို့အတွက် အခြားစခန်းတွေကိုလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတဲ့နေ့မှာ သတင်းမတင်ပြဘဲ ဖုံးထားပေမယ့် ၃ ရက်ကျော်လာတဲ့အတွက် အကြောင်းမဲ့ပျက်ကွက် တင်ပြလိုက်သလို စခန်းတိုင်းကို ဓာတ်ပုံဖြန့်ပြီး ဖမ်းဖို့ပြင်ဆင်နေတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။