မြန်မာငွေတန်ဖိုး ဆက်တိုက် ကျနေတာကြောင့် ပြင်ပမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၅၈၀ အထိ အမြင့်ဆုံး စံချိန်တင် ရောက်ရှိနေပြီး၊ ဒေါ်လာနဲ့ အပြိုင် ရွှေစျေးကလည်း တစ်ကျပ်သားကို ကျပ် ၂၃ သိန်း အထက်ထိ စံချိန်တင် မြင့်တက်နေပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ သတ်မှတ်စျေးက တစ်ဒေါ်လာကို ၁၈၅၀ ဖြစ်ပေမဲ့ ပြင်ပမှာ အဲဒီစျေးနဲ့ အရောင်းအ၀ယ် ပြုလုပ်သူမရှိပါဘူး။ အလားတူ ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၀၆၀၀၀၀ သတ်မှတ်ထားပေမဲ့လည်း ပြင်ပစျေးကွက်မှာ စျေးနှုန်းကွာဟချက် များနေပြီး၊ အဲဒီစျေးနဲ့ ရောင်း၀ယ်ကြတာလည်း မရှိပါဘူး။
စစ်ကောင်စီက ဒေါ်လာငွေကိုင်ဆောင်ခွင့်အပေါ် ထိန်းချုပ်တဲ့ ညွှန်ကြားစာတွေ အမျိုးမျိုးထွက်ပေါ်လာပြီး တဲ့နောက်မှာ ဒေါ်လာစျေး အခုလိုထပ်မံမြင့်တက်လာတာဖြစ်ပြီး၊ ရွှေစျေးကလည်း ဒေါ်လာနဲ့ အပြိုင် လိုက်ပါ မြင့်တက်လာတာပါ။
အဲဒီ မတိုင်ခင်က ငွေကြေးစျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၂၀၀ ၀န်းကျင်မှာ စျေးငြိမ်နေပြီး၊ ရွှေစျေးက တစ်ကျပ်သား ကို ကျပ် သိန်း ၂၀ နဲ့ ၅သောင်းအထက်မှာပဲ စျေးငြိမ်နေခဲ့တာပါ။
ဒါပေမဲ့ ဒေါ်လာရော၊ ရွှေစျေးပါ လက်ရှိမှာ တည်ငြိမ်မှုမရှိဘဲ ကြိုက်ရောင်း၊ကြိုက်၀ယ်ပုံစံနဲ့သာ အရောင်းအ၀ယ် ဖြစ်နေတာလို စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
“ဒီနေ့ တစ်နေ့တည်းကို စျေးအတက်အကျ အရမ်းများနေတယ်။ စျေးအပြောင်းအလဲကလည်း အရမ်းမြန်နေတယ်” လို့ ရွှေဆိုင် တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒေါ်လာထိန်းချုပ်ရေး အစီအစဉ်တွေက ဒေါ်လာမှောင်ခို စျေးကွက်ကိုသာ ပီပီပြင်ပြင် ဖြစ်ပေါ်လာစေပြီး ဒေါ်လာနဲ့ဝယ်ယူရတဲ့ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်၊ ကုန်ကြမ်းပစ္စည်း စတဲ့ သွင်းကုန်တွေဟာ နောက်ဆက်တွဲအနေနဲ့ စျေးနှုန်း ထပ်မံ မြင့်တက်ခဲ့ပါတယ်။
ရန်ကုန်မြို့အတွင်းနေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးက “ကုန်စျေးနှုန်းကတော့ အရင်ကတည်းက တက်နေတာ၊ အခုကပိုတက်လာတယ်။ စျေးဆိုင်တွေကလည်း ငွေစျေး တက်သံကြားရင် လက်ကျန်ရှိတဲ့ ပစ္စည်းလဲ စျေးတင်ရောင်းကြတာပဲ ”လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံခြားငွေကြေးကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့ ထိန်းချုပ်နေပေမယ့် စျေးကွက်အတွက် လိုအပ်တဲ့ဒေါ်လာငွေကို မရောင်းချပေးနိုင်လို့ ပြင်ပစျေးကွက်ကိုသာ အားထားနေရတဲ့အတွက် ဒေါ်လာစျေးတွေ တက်နေတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကထံက သိရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်တွင်းမှာနေထိုင်သူတွေ ပိုင်ဆိုင်တဲ့ ပြည်ပက ၀င်ရောက်လာတဲ့ဒေါ်လာငွေတွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ လဲလှယ်သိမ်းယူနေပြီး ဒေါ်လာလိုအပ်ချက်ရှိတဲ့ သွင်းကုန်သမားတွေကို အဲဒီနှုန်း ထားနဲ့ ပြန်လည် ရောင်းချပေးနေတာပါ။
ဒါပေမဲ့ မကြာသေးခင်ကတော့ ဆေးနဲ့ ဆေးပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေကို ပြင်ပကနေ ကိုယ့်အစီအစဥ်နဲ့ ကိုယ် ဒေါ်လာငွေ ၀ယ်ယူပြီး တင်သွင်းကြဖို့ ထုတ်ပြန်လာပါတယ်။ အဲဒီထုတ်ပြန်ချက်အရ ဒေါ်လာလိုအပ်ချက် ပိုကြီးမားလာနိုင်ပြီး စျေးထပ်မံမြင့်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။