Home
မြန်မာသတင်း
သေဒဏ်ပေးကွပ်မျက်မှု လက်ခံနိုင်စရာမရှိ၊ အလွန်စိတ်ပျက်ဟု အာဆီယံဥက္ကဋ္ဌ ကြေညာ
DVB
·
July 26, 2022

နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တာဟာ လက်ခံနိုင်စရာမရှိဘဲ ဒေသတွင်းနိုင်ငံတွေရဲ့ ပဋိပက္ခပြေလည်အောင် ညှိနှိုင်းရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဖျက်ဆီးပစ်ရာ ရောက်တယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက  ကြေညာလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း  ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သေဒဏ်စီရင်လိုက်တဲ့အပေါ်  ဆန့်ကျင်ကန့်ကွက်တဲ့ အကြောင်းနဲ့ အလွန်အမင်း စိတ်ပျက်တဲ့ အကြောင်းလက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကိုယ်စား   ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီကိစ္စကိုအတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ စစ်ကောင်စီကို အာဆီယံနိုင်ငံတွေက တညီတညွတ်တည်း  တောင်းဆိုထားခဲ့ပေမယ့် အခုလိုကွပ်မျက်မှုကြောင့် ဒီပဋိပက္ခရဲ့ ရှုပ်ထွေးမှုကို ကောင်းကောင်းသိလိုက်ရသလို မြန်မာနိုင်ငံနေရာအနှံ့က ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လိုမှုတွေကိုပါ ခံစားရတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ပြင်းပြင်းထန်ထန်သုံးနှုန်း ထုတ်ပြန်ခဲ့ပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံဝန်ကြီးဌာနများအစည်းအဝေးကို ကျင်းပမယ့်အချိန် တပတ်အလိုမှာ အခုလိုကွပ်မျက်လိုက်တာဟာ လုံးဝလက်ခံနိုင်စရာမရှိသလို ကုလသမဂ္ဂက လက်ခံထားတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို စစ်ကောင်စီက လိုက်လျောဖို့ လုံးလုံးလျားလျားဆန္ဒမရှိတာကိုလည်း ပြသလိုက်တာပဲဖြစ်တယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။ 

ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီသတင်းစာတွေကနေ ကွပ်မျက်မှုကို အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကန့်ကွက်ရှုတ်ချခဲ့ကပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ထုတ်ပြန်ခဲ့ ကြပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို စစ်ကောင်စီက ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။  

မြန်မာစစ်တပ်က ရွာတွေကို ဗုံးကြဲတာတွေ၊ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးတာတွေကို မြန်မာနိုင်ငံအနှံ့မှာ ဆက်တိုက်လုပ်နေသလို သေဒဏ်ပေးခံထားရသူပေါင်း ၁၀၀ ကျော်ကိုလည်း ဆက်ပြီးကွပ်မျက်သွားမယ့် အလားအလာတွေရှိနေတာကြောင့် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024