
မြန်မာနိုင်ငံရဲ့ အဖွဲ့အစည်းအသီးသီးဟာ လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခြေခံဥပဒေမူ ဘောင်များအတွင်းကသာ ဆောင်ရွက်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တာနဲ့ပတ်သက်လို့ ဇူလိုင်လ ၂၅ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အခုလိုသေဒဏ်ပေးကွပ်မျက်ခဲ့တာဟာ မြန်မာနိုင်ငံမှာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့သာ အဖြေရှာသင့်တယ်ဆိုတဲ့ တရုတ်ရဲ့ရပ်တည်ချက်နဲ့ ကိုက်ညီပါရဲ့လားလို့ သတင်းထောက်က မေးမြန်းခဲ့တဲ့အပေါ် တရုတ်နိုင်ငံဟာ ကြားဝင်မစွက်ဖက်ရေးမူဝါဒကိုသာ အမြဲလက်ကိုင်ထားတယ်လို့ ကျောက်လီကျန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက အဖွဲ့အစည်းတွေအနေနဲ့ တရားဥပဒေနဲ့ အခြေခံဥပဒေမူဘောင်ထဲကနေ ပြည်သူတွေရဲ့သဘောထားကို ထည့်သွင်းစဉ်းစားပြီး အရေးကြီးတာတွေကို ဦးစားပေးဆောင်ရွက်ကြဖို့လည်း တရုတ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ကြဖို့၊ နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းကြပြီး ရေရှတည်တည်တံ့တဲ့ တည်ငြိမ်အေးချမ်းရေးကို အမြန်ရရှိအောင်ဆောင်ရွက်ကြဖို့လည်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီလအစောပိုင်း ပုဂံမှာကျင်းပတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။