DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးမှုကြောင့် ရဲရင့်သည့် မြန်မာပြည်သူများ၏ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
July 26, 2022
သေဒဏ်ပေးမှုကြောင့် ရဲရင့်သည့် မြန်မာပြည်သူများ၏ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကွက်မျက်လိုက်တဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်းနဲ့ စစ်အာဏာရှင်ရဲ့ ဟန်ပြတရားစီရင်မှုတွေနဲ့ အခုကွပ်မျက်မှုတွေဟာ ဒီမိုကရေစီ ဆိတ်သုဥ်းစေဖို့ ဗြောင်ကျကျကြိုးပမ်းမှုဖြစ်ပြီး အခုလို လုပ်ဆောင်မှုနဲ့ ရဲရင့်တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို  ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပြီးနောက်  အမေရိကန်က ခုလိုတုံ့ပြန်လိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က "မိမိတို့ရဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို ကျင့်သုံးတဲ့အတွက် ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ခံခေါင်းဆောင်တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်ခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုမှ အပြင်းထန်ဆုံးသောရှုတ်ချမှုဖြင့် ရှုတ်ချပါတယ်။  အခုလို အများ ကမေးငေါ့အပြစ်တင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေက အာဏာရှင်အဖွဲ့အစည်းဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို လုံးဝဂရုမထားကြောင်း သာဓကပြနေတယ်”လို့ ပြောပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ တစ်ရက်မျှပင် မနေထိုင်လိုတဲ့ ဒီမိုကရေစီလိုလားတောင့်တနေတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့လည်း စစ်အာဏာရှင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးအပေါ် မြန်မာစစ်ကောင်စီရဲ့  သေဒဏ်စီရင်မှုကို ပစ်တင်ရှုတ်ချပြီး အရေးယူဆောင်ရွက်ကြဖို့  အမေရိကန်အထက်လွှတ်တော် ရီပါတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကောနဲလ်ကလည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ရဲ့ လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကောနဲလ်က ပြီးတဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ ခက်ခဲရှည်ကြာနေတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဟာ ပိုမိုမှောင်မဲ ဆုတ်ယုတ်ခဲ့ရတယ်လို့ လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။  

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ အပါအဝင် ၄ ယောက်ကိုကွက်မျက်ခဲ့တာနဲ့ ပတ်သက်လို့လည်း တရားမဝင် စစ်အစိုးရကို ဆန့်ကျင်မှုနဲ့  နောက်ထပ်အပြစ်မဲ့ သွေးတွေယိုစီးခဲ့ရပြီလို့လည်း မစ်ချ်မက်ကောနဲလ်က မှတ်ချက်ပေးပါတယ်။

စစ်အစိုးရဟာ သူ့ကြောင့်ဖြစ်လာနိုင်တဲ့ ပြည်တွင်းမငြိမ်သက်မှု ပြည်တွင်းစစ် အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာတဝန်းက နောက်ဆက်တွဲတုံ့ပြန်မှုတွေကို ဂရုမစိုက်ဘူးဆိုတာပြသနေတဲ့ သက်သေပဲလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ တိုင်းပြည်ကို အထွေထွေမငြိမ်သက်မှု ပြည်တွင်းစစ်နဲ့ ရုန်းရင်းဆန်ခတ် အခြေအနေဆီကို ဆွဲခေါ်နေပြီး ဒေသတွင်းနိုင်ငံတွေကိုပါ သက်ရောက်လိမ့်မယ်လို့ မစ်ချ်မက်ကောနဲလ်က သတိပေးပါတယ်။ 

မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးကို ခုခံကာကွယ်ဖို့ အသက်နဲ့ရင်းပြီး စွန့်စားနေကြရတယ်လို့ ပြောဆိုပြီး မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာလည်း သူ့အနီးနားမှာ ဆီးရီးယားလို ကျရှုံးနိုင်ငံတခု ဖြစ်လာစေချင်သလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ 

အမြန် အရေးယူဆောင်ရွက်ရမယ့်အချိန်ရောက်နေပြီလို့ မြန်မာ့အိမ်နီးချင်းတွေကို တိုက်တွန်းပြီး အမေရိကန်အစိုးရကလည်း စွမ်းအင်ကဏ္ဍနဲ့ စစ်အစိုးရဝင်ငွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး သေဒဏ်စီရင်ကွပ်မျက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာက အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၁၂၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၄,၈၇၀ ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့လည်း အေအေပီပီထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013