ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ထဲကို ဇူလိုင် ၂၅ ရက်က ဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး၊ အရပ်သား အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
စစ်ကား ၂၁ စီးနဲ့ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ နေ့လယ် ၁ နာရီလောက်မှာ မိုးဗြဲမြို့ထဲကိုဝင်လာခဲ့ပြီး ညနေ ၅ နာရီလောက်မှာ တိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် BO 1 နဲ့ BO 2၊ လွိုင်ကော် PDF နဲ့ URF တို့ ပူးပေါင်းခုခံခဲ့ကြတာဖြစ်ပြီး တိုက်ပွဲက ၃ နာရီလောက်ကြာတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆမတန်သုံးခဲ့တာကြောင့် စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းတချို့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီး တယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့ ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က တယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။