Home
မြန်မာသတင်း
ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးအား သေဒဏ်စီရင်မှုအပေါ် တိုကျို ICRC ရုံးရှေ့ ဆန္ဒပြ
ဇော်ဇော်လှိုင်
·
July 25, 2022

ထင်ရှားတဲ့ နိုင်ငံရေးသမား ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်မှုနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဂျပန်ရုံးခွဲရှေ့မှာ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ အပါအဝင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေကနေ စစ်ကောင်စီရဲ့ အခုလို သိက္ခာမရှိတဲ့ ယုတ်မာရက်စက်မှုတွေကို ဘယ်အချိန်အထိ စောင့်ကြည့်နေမှာလဲ။ နောက်ထပ် မြန်မာပြည်သူတွေ ဘယ်လောက် အသက်ဆုံးရှုံးပေးရဦးမှာလဲ။ ဒါကြောင့် ဒီရုံးရှေ့မှာ လာဆန္ဒပြရတာပါလို့” ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ စောဖိုးခွားက ဒီဗွီဘီကို ပြောပါတယ်။

အင်းစိန်ထောင်မှာ အကျဉ်းကျခံခဲ့ရဖူးသူ ဂျပန်သတင်းထောက် မစ္စတာ ယူခီခိတဇူမိကလည်း “ဒီသတင်းက တကယ်စိတ်မကောင်းစရာ ခံစားရပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ တရားစီရင်မှု ဥပဒေမဲ့ အခုလိုလုပ်ရပ်တွေကို ကိုယ်တိုင်ခံစားသိခဲ့ရဖူးသူမို့ အခုလို ပွင့်လင်းမှုမရှိဘဲ စီရင်ချက်ချတာကို ကျနော့်အနေနဲ့ ရှုတ်ချပြီး ခွင့်လွှတ်နိုင်စရာမရှိဘူး” လို့ ပြောပါတယ်။

ဂျပန်လူမျိုး ရှေ့နေအကျိုးဆောင် မစ္စတာ ခုမဇာဝအရတကလည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အိုင်စီအာစီအနေနဲ့ အကျဉ်းထောင်အတွင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ဖော်ထုတ်ပြီး ရပ်တန့်အောင် ဂျပန်အစိုးအရ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီလို့ ဆိုပါတယ်။

“မနက်ဖြန် ကျမတို့ ကုလသမဂ္ဂရုံးရှေ့မှာ သွားရောက်ပြီး ဒီအတိုင်း လက်ပိုက်ကြည့်မနေဖို့ သွားတောင်းဆိုမှာဖြစ်သလို ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံး အပါအဝင် ဂျပန်အစိုးရကိုလည်း အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဆက်လက်ပြီး တောင်းဆိုသွားမယ်” လို့ တိုကျိုမြို့နေ မြန်မာ့အရေးလှုပ်ရှားနေသူ မသီရိသစ္စာက ပြောပါတယ်။

“အခုလို ထင်ရှားတဲ့ ခေါင်းဆောင်တွေကို သေဒဏ်ပေးလို့ ပြည်သူတွေ အားမလျော့ကြပါနဲ့။ ပြည်ပမှာ နေပေမယ့်လည်း ကျမတို့တွေ ထောက်ပံ့မှုတွေ အပါအဝင် တတ်နိုင်တာတွေ အစွမ်းကုန်လုပ်သွားမယ်လို့ ကတိပေးတယ်” လို့ ဆန္ဒပြပွဲ လာရောက်ပူးပေါင်းခဲ့သူ မလဲ့လဲ့လွင်က ဆန္ဒပြပွဲအတွင်း ပြောဆိုသွားခဲ့ပါတယ်။

ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးဘဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  NUG နဲ့  CRPH တာဝန်ရှိသူတွေက တုံ့ပြန် ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024