Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအတွက် နာရေး လုပ်မည် မဟုတ်၊ ရန်ငါပြတ်ကြရန် ဇနီးဖြစ်သူ မနီလာသိန်း တိုက်တွန်း
DVB
·
July 25, 2022

အကြမ်းဖက်စစ်ကောင်စီက ကွက်မျက်လိုက်တဲ့   ဦးဂျင်မီရဲ့ ရုပ်အလောင်းမတွေ့မချင်း နာရေး လုပ်သွားမှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်နိုင်ဖို့ ရန်ငါပြတ်ကြစေဖို့ ဇနီးဖြစ်သူ မနီလာသိန်းက တိုက်တွန်းလိုက်ပါတယ်။

“ကျမတို့အားလုံး ပိုချစ်ခင်မယ်။ ပိုစည်းလုံးမယ်။ ရန်ငါရှင်းပြတ်ပြတ် အလုပ်တွေ ဆတိုး လုပ်ကြမယ်။ ကြယ်တွေကြွေတာ ရှင်သူတွေ ရပ်တန့်ဖို့ မဟုတ်၊ ရှုံးနိမ့်ဖို့မဟုတ်၊ ခွန်အားအဖြစ် ပြောင်း၊ စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ် ရှင်သန်ခွင့်မရစေရ”လို့ မနီလာသိန်းက သူ့ရဲ့  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန် လိုက်တာပါ။

ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ  နိုဝင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်မှာ  သေဒဏ်  အမိန့်ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဦးဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊  PDF၊  Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အလားတူ ဦးဂျင်မီဟာလည်း CRPH၊ NUG နဲ့ PDF တွေကို လက်နက်ခဲယမ်းထောက်ပံ့ဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၇) ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြနှင်းဆီလမ်းရှိ နေအိမ်မှာ လက်နက်တွေ သိုဝှက်သိမ်းဆည်းထားတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတာဖြစ်ပါတယ်။

အကြမ်းဖက် ဖမ်းဆီးသွားစဉ်မှာ  ဦးဂျင်မီဟာ ဦးခေါင်းကို ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင်ကာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ၄ ယောက်ကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ချမှတ်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးတွေ၊ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်နေကြချိန်မှာပဲ ခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

NUG နဲ့ CRPH တာဝန်ရှိသူတွေကတော့ ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  တုံ့ပြန် ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ခွဲအကြာ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024