စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဇူလိုင် ၂၅ ရက်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝန်ထမ်းတယောက်ရဲ့ နေအိမ်အတွင်းကို ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၅ နာရီက ညောင်ပင်သာရပ်ကွက်က အဲဒီဝန်ထမ်းရဲ့ နေအိမ်အတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်တာတော့ မရှိဘူးလို့ ကလေး UG အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ မရှိဘူး။ လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာ။ သတိပေးရုံပါပဲ။ နောက်ဆင်ခြင်ဖို့”
အခုလိုသတိပေးရတာဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာမပါဝင်တာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာမှာ ငွေကြေးတွေတောင်းတာ၊ လာဘ်စားတာတွေကြောင့် သတိပေးတဲ့အနေနဲ့ ဗုံးခွဲတာလို့ ဆိုပါတယ်။
လဝကရုံးမှာမှတ်ပုံတင်သွားလုပ်ခဲ့သူတစ်ဦးက “အခုချိန်က သူတို့လက်ထဲမှာဆိုတော့ ဘာမှ မပြောရဲဘူး။ မှတ်ပုံတင်သွားလဲတာတောင် ခရီးသွားရမှာမို့ ပိုက်ဆံပေးမယ်လို့ ပြောမှ အမြန်ရခဲ့ တာ။ မှတ်ပုံတင်တစ်ခုလဲဖို့ ကျပ် ငါးသောင်းပေးခဲ့ရတာ”လို့ ပြောပါတယ်။
ကလေးမြို့နယ်လဝကရုံးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ နာမည်ကြီးနေတဲ့ ဌာနတစ်ခုဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာ၊ လုပ်ငန်းမြန်ဆန်စွာပြီးစီးဖို့ ငွေကြေးနဲ့ လည်းကောင်း၊ ပွဲစားတွေနဲ့ လည်းကောင်း ချိတ်ဆက် ဆောင်ရွက်ရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။