DVB Logo
Home
မြန်မာသတင်း
သေဒဏ်စီရင်မှု ရပ်တန့်ရေး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တောင်းဆို
DVB
·
July 25, 2022
သေဒဏ်စီရင်မှု ရပ်တန့်ရေး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တောင်းဆို
Donate to DVB

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက  သေဒဏ်ပေးကွပ်မျက်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း ရက်ရက်စက်စက် ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကိုပြတယ်လို့  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီခုံရုံးက သေဒဏ်ချမှတ်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အရပ်သားတွေဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာက တဆင့် ကြေညာလိုက်ပြီးနောက်မှာ AI အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ နှောင်းပိုင်းကနေစတင်ကာ ဆောင်ရွက်ခြင်းမရှိတော့တဲ့ သေဒဏ်ပေး ကွပ်မျက်ခြင်းကို မြန်မာစစ်ကောင်စီက ပြန်လည်ကျင့်သုံးဆောင်ရွက်လိုက်တာဟာ အလွန်ကြမ်းကြုတ်ရက်စက်မှုဖြစ်တယ်လို့  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (Amnesty International) ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ အာဝင်ဗန်ဒါဘော့က   ပြောလိုက်ပါတယ်။

“အခုလိုကွပ်မျက်တာတွေဟာ  လူ့အသက်ကို တန်ဖိုးမထားခြင်းဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှု မှတ်တမ်းထဲမှာ လွန်စွာမှ ကြမ်းကြုတ်ရက်စက်မှုတစ်ခုအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ အခုကွပ်မျက်ခံရတဲ့ လေးယောက်ကို စစ်ခုံရုံးကနေ လျှို့ဝှက်စွာနဲ့ မတရားစီရင်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။ ပုံစံတူလုပ်ငန်းစဉ်တွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ နောက်ထပ် အယောက် ၁၀၀ လောက်ရှိနေနိုင်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လိုအပ်တာတွေချက်ချင်းဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။”

မြန်မာစစ်တပ်ဟာ အခုချိန်အထိ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေအပြင် ကကြီးကနေ အ အထိ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကျူးလွန်နေခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ရဲ့ကျူးလွန်မှူတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်မျိုးမပေးနိုင်ခဲ့ရင် မြန်မာစစ်တပ်ဟာ လူ့အသက်တွေကို ထပ်ပြီး နင်းချေဖျက်ဆီးနေဦးမှာပဲ ဖြစ်ပါတယ်လို့လည်း အေအိုင်အဖွဲ့က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ သေဒဏ်ပေးခြင်းကို တဖြည်းဖြည်းချင်းလျှော့ချရပ်တန့်နေတဲ့အချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ဆောင်ရွက်ခြင်းမရှိခဲ့တဲ့ သေဒဏ်ပေးမှုကို စစ်တပ်က ကျူးလွန်လိုက်ခြင်းဟာ ကမ္ဘာ့ပြောင်းလဲမှုရေစီးနဲ့ ဆန့်ကျင်နေရုံသာမကဘဲ လူ့အခွင့်အရေးဥပဒေနဲ့ စံချိန်တွေအရ သေဒဏ်ပေးမှုရပ်တန့်ရေး ဦးတည်ချက်နဲ့လည်း ဆန့်ကျင်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ သီးခြားရပ်တည်ချက်ဟာ အဆိုးဝါးဆုံးအခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ အရေးကြီးတဲ့ ပထမခြေလှမ်းအဖြစ် သေဒဏ်ပေးခြင်းတွေကို ချက်ချင်းဆိုင်းငံ့ထားပေးဖို့ အာဏာပိုင်တွေကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်လို့ အာဝင်ဗန်ဒါဘော့က  ပြောပါတယ်။

နိုင်ငံတကာ တရားဥပဒေနဲ့စံချိန်တွေအရ မတရားပြစ်ဒဏ်ချမှတ်ပြီး အခုလိုသေဒဏ်ပေးကွပ်မျက်တာဟာ လူသားတိုင်းအသက်ရှင်ခွင့်ရှိရမည်ဟူသော သတ်မှတ်ချက်ကို ဖောက်ဖျက်ကျူးလွန်တာဖြစ်ပြီး ကြမ်းကြုတ်စွာနှိပ်စက်ခြင်းနဲ့ သိက္ခာမဲ့စေတဲ့ လူသားမဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေတဲ့ ပြစ်ဒဏ်တွေမပေးရဆိုတဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ရာရောက်တယ်လို့လည်း  AI အဖွဲ့ကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ်အဖြစ် သေဒဏ်ပေးကွပ်မျက်ခြင်းကို ၁၉၈၀ ခုနှစ်နှောင်ပိုင်းမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအကြိမ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ဟာ ဆန့်ကျင်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ခြယ်ရေးလက်နက်အဖြစ် သေဒဏ်ပေးခြင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ပမာဏအထိ မတရားအမိန့်ချမှတ်ခဲ့ပါတယ်။

ဘယ်လို အကြောင်းကြောင့်ဖြစ်စေ၊ ဘယ်လိုအခြေအနေမှာဖြစ်စေ သေဒဏ်ပေးခြင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (AI) က ဆန့်ကျင်တယ်လို့လည်းလည်း ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ၃ ပုံ ၂ ပုံကျော်မှာ သေဒဏ်ပေးတာကို  ဥပဒေအရရော လက်တွေ့မှာပါ ဖျက်သိမ်းခဲ့ကြပြီးပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013