Home
ဆောင်းပါး
ဒီမိုကရေစီ ၁၅ နှစ်ခရီး - အင်ဒိုနီးရှား ရွေးကောက်ပွဲ (၂၀၁၄)
နေသွင်
·
April 6, 2014
ဧပြီလ ၉ ရက်နေ့ ကျရင် အင်ဒိုနီးရှားမှာ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပါတော့မယ်။ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီသက်တမ်းဟာ ၁၆ နှစ်ထဲကို ချဉ်းနင်း ၀င်ရောက်လာပါပြီ။ အင်ဒိုနီးရှားရဲ့ နိုင်ငံရေးစနစ်အရ လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ဟာ ဇူလိုင်လ ၉ ရက်နေ့ ကျရင် ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတ ရွေးကောက်ပွဲအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ imagesရွေးကောက်ပွဲ အကြို မဲဆွယ်ပွဲတွေမှာတော့ ဒတ်ခ်ျလက်အောက်က လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ် ၅၀ လောက် အင်ဒိုနီးရှားကို ဦးဆောင်ခဲ့တဲ့ ဆူကာနို၊ ဆူဟာတို့ရဲ့ နိုင်ငံရေးမျိုးဆက်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေ သာမက မျိုးဆက်သစ်နိုင်ငံရေးသမားတွေ၊ အချောအလှ မော်ဒယ်တွေ အဆုံး တွေ့ကြရပါတယ်။ ခေတ်ဟောင်းကို လွမ်းဆွတ် ဗိုလ်ချုပ်ကြီး ဆူဟာတိုဟာ အင်ဒိုရှားနိုင်ငံကို နှစ်ပေါင်း ၃၀ လောက် သံမဏိစည်းမျဥ်းနဲ့ အုပ်ချုပ်ခဲ့တယ်ဆိုပေမယ့် ဒီနှစ် ရွေးကောက်ပွဲ မဲဆွယ်တဲ့ ပိုစတာတွေမှာ တလွှင့်လွှင့် နေရာယူလာတာကို တွေ့ရပါတယ်။ ဆူဟာတိုရဲ့ သမီးတွေက ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ ပွဲတွေမှာ သူတို့ အဖေရဲ့ပုံကို သုံးလာကြပါတယ်။ အင်ဒိုနိးရှားရဲ့ နိုင်ငံရေးထဲကို ဆူဟာတို တကျော့ပြန်လာတယ်ဆိုတဲ့ သင်္ကတတခုပါ။ ဆူဟာတိုဟာ ၁၉၆၇ ခုနှစ်မှာ အာဏာသိမ်းတက်လာခဲ့ပြီး အမိန့်အာဏာသစ် ဆိုတဲ့ အယူအဆနဲ့ တပ်ထွက် အရပ်သားတွေ ကျောထောက်နောက်ခံပေးထားတဲ့ ခေတ်တခေတ်ကို ထူထောင်ပြီး တိုင်းပြည်ကို ၃၁ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ ဆူဟာတိုခေတ်ရဲ့ နောက်ပိုင်းနှစ်တွေအကြောင်းပြောမယ်ဆိုရင် ဆွေမျိုးအပေါင်းအသင်း ကောင်းစားရေး၊ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ခွဲလို့ မရပါဘူး။ ဒီကာလတွေမှာ မိသားစုတွေနဲ့ ရင်းနှီးတဲ့ အပေါင်းအပါတစုဟာ တိုင်းပြည်ရဲ့ အခွင့်ထူးတွေ ရပြီး တိုင်းပြည်စီးပွားရေးကိုလည်း လက်ဝါးကြီး အုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ အင်ဒိုနီးရှားရဲ့ စီးပွားရေး အားပျော့လာတာနဲ့ မဲဆန္ဒရှင်တွေကြားမှာ စိတ်ပျက်နေကြပါတယ်။ အကြို လူထုစစ်တမ်းတွေအရ မဲဆန္ဒရှင်တွေဟာ တာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနို အစိုးရကို စိတ်ပျက်နေကြပါတယ်။ ဒီလိုအချိန်မှာ ၂၀၀၈ ဆူဟာတို ကွယ်လွန်ချိန်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဆူဟာတိုရဲ့ နိုင်ငံရေးအမွေခံတွေဟာ လူထုရှေ့ကို ပြန်ရောက်လာကြပါတယ်။ ဆူဟာတိုဟာ တခေတ်တခါက အင်ဒိုနီးရှားရဲ့ စီးပွားရေးကို တည်ငြိမ်စေပြီး အရှေ့တောင် အာရှမှာ စီးပွားရေး အင်အားအကြီးဆုံး ဖြစ်အောင် ပို့ဆောင်းခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်ဆိုတဲ့ ပုံရိပ်ကို မြှင့်တင်လာကြပါတယ်။ ဂျာဗား အလယ်ပိုင်း ယိုဂါကာတာ ခရိုင်ထဲမှာ မဲဆွယ်နေတဲ့ ဆူဟာတိုရဲ့ သမီး စီတီ ဟီဒီယာတီ ဟာရာဒီက “ ပြည်သူတွေက ဆူဟာတို ခေတ်ကို ပြန်မျှော်လင့်နေကြတယ်။ ဖေဖေ အုပ်ချုပ်ခဲ့တဲ့ ခေတ်မှာ ပြည်သူတွေဟာ လုံခြုံတယ်၊ အဆင်ပြေတယ်။ ချမ်းသာကြတယ်လေ” လို့ ပြောပါတယ်။ ဆူဟာတို ထူထောင်ခဲ့ပြီး အမွေချန်ထားခဲ့တဲ့ ဂိုလကာ ပါတီ အတွက် ဆူဟာတိုရဲ့ သမီးက မဲဆွယ်ပေးပါတယ်။ ဂိုလကာ ပါတီဟာ ဆူဟာတိုရဲ့ နှစ်ပေါင်း ရှည်ကြာအုပ်ချုပ်ခဲ့တဲ့ ကာလမှာ လွှတ်တော်မှာ လက်ညိုးထောင် ခေါင်းငြိမ့် သဘောနဲ့ အသုံးတော် ခံခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ အခုတော့ ဆိုဟာတို ခေတ် ကောင်းကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပဲ ၀ါဒဖြန့်ပြီး လူထုကို စည်းရုံးနေပါတယ်။ ဆူဟာတို ခေတ်ကို လွမ်းဆွတ်တသမှုနဲ့ ဂိုလကာ ပါတီကို မဲပေးမယ့် သူတွေလည်း မနည်းပါဘူး။ ပြည်သူ့ချစ်တဲ့ ၀ီဒိုဒို အကြိုစစ်တမ်းတွေအရ ဆူဟာတိုရဲ့ အမွေခံပါတီ ဂိုလကာ ပါတီဟာ ဒုတိယ နေရာမှာပဲ ရှိပါတယ်။ ဆူကာနိုခေတ်၊ ဆူဟာတို ခေတ်နဲ့ ဘာမှ မသက်ဆိုင်တဲ့ လက်ရှိ ဂျာကာတာ မြို့တော်ဝန်အပေါ် မျှော်လင့်နေကြလို့ အများစုက သူ့ပါတီကိုပဲ မဲပေးကြဖို့ ရည်ရွယ်ထားကြပါတယ်။ ပြည်သူတွေက ဂျိုကိုဝီလိုပဲ ချစ်စနိုးခေါ်ကြတဲ့ မြို့တော်ဝန်ဂျိုကိုဝီရဲ့ ရေပမ်းစားမှုကြောင့် သူရဲ့ ပါတီ ပီဒီအိုင် ပီ ပါတီဟာ လွှတ်တော်မှာ အများဆုံး အနိုင်ရမယ်လို့ အကြိုစစ်တမ်းတွေက ပြသနေပါတယ်။ မတ်လ လယ်လောက်မှာ အတိုက်အခံ တိုက်ပွဲဝင် ဒီမိုကရက်ပါတီ Democratic Party of Struggle က ဂျုကိုဝီကို သမ္မတလောင်းအဖြစ် ပွဲထုတ်ခဲ့ပြီးနောက် အရင် သမ္မတဟောင်း မေဃာဝါဒီ ဆူကာနို ပူထရီက ဦးဆောင်တဲ့ ပါတီအပေါ် လူထုထောက်ခံမှုကလည်း မြင့်တက်နေပါတယ်။ ရွေးကောက်ပွဲ မြင်ကွင်းကျယ် အင်ဒိုနီးရှား ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီတွေ၊ ပါတီတွေရဲ့ ညွန့်ပေါင်းတွေ အနေနဲ့ သမ္မတ ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၀ ကို အနိုင်ရမှ ဒါမှမဟုတ် တနိုင်လုံးမှာ မဲအရေအတွက် ၂၅ ရာခိုင်နှုန်ကို အနိုင်ရမှ သမ္မတလောင်းတွေကို အမည်စာရင်း တင်သွင်းခွင့် ရှိပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာ ပါတီ ၁၂ ပါတီက ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၆၀ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လူ သန်း ၁၉၀ နီးပါး မဲပေးကြမယ့်အထဲမှာ ၃၀ ရာခိုင်နှုန်း (၅၄ သန်း) ဟာ အသက် သုံးဆယ်အောက် လူငယ်တွေ ဖြစ်ကြပါတယ်။ အဓိက လွှမ်းမိုးထားတဲ့ ပါတီတွေက အတိုက်အခံ ပီဒီအိုင်-ပီ ပါတီနဲ့ စီးပွားရေး ဦးစားပေး ဂိုလကာ ပါတီ တို့ ဖြစ်ပါတယ်။ နှစ်ပါတီစလုံးဟာ ဒတ်ခ်ျ ကိုလိုနီအောက်ကနေ လွတ်လပ်ရေး ရပြီး ပထမ နှစ်ငါးဆယ်ကာလမှာ အင်ဒိုနီးရှားကို ဦးဆောင်ခဲ့တဲ့ အာဏာရှင်တွေရဲ့ အမွေစား အမွေခံဖြစ်ပါတယ်။ အတိုက်အခံ ပါတီကို ဆူကာနိုရဲ့ သမီး သမတဟောင်း မေဃာဝါဒီ ဆူကာနို ပူထရီ ခေါင်းဆောင် ပါတယ်။ ဂိုလကာ ပါတီရဲ့ ဥက္ကဌကတော့ ဘီလျံနာ စီးပွားရေးသမားကြီး အဘာရီဇယ် ဘာ့ခ်ကရီ ဖြစ်ပါတယ်။ အကြိုစစ်တမ်းတွေအရတော့ ဂိုလကာ ပါတီရဲ့ ဘီလျံနာ သူဋ္ဌေးကြီးဟာ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်း နည်းပါတယ်။ နောက်ထပ် ရေပမ်းစားတဲ့ သမ္မတလောင်း တယောက်က ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယန်တို ဖြစ်ပါတယ်။ သူဟာ တချိန်က ပြန်ပေးဆွဲမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အာဏာသိမ်းဖို့ ကြံစည်မှုတွေနဲ့ နာမည်ပျက်ခဲ့သူ၊ ဆူကာနိုရဲ့ သားမက်တော်သူလည်း ဖြစ်နေပါတယ်။ အမျိုးသမီးနိုင်ငံရေး ရွေးကောက်ပွဲမှာ ဒီနေ့အထိ နိုင်ငံရေးမျိုးရိုးရှိသူတွေပဲ လွှမ်းမိုးနေသလို၊ ချောချောလှလှ မော်ဒယ်တွေလည်း အခုနှစ်တွေအတွင်း ရေပမ်း စားနေပါတယ်။ ၃ နှစ်လောက် မဂ္ဂဇင်း မျက်နှာဖုံး မော်ဒယ်လုပ်ခဲ့တဲ့ ဒတ်စတီယာရာ တာလီတာဟာ အခုတော့ နိုင်ငံရေးသမားဘ၀ကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၂၆ နှစ်ရှိသေးတဲ့ မော်ဒယ်ဟာ ဂျာဗား အနောက်ပိုင်းက ခရိုင်မှာ တရားမျှတမှုနဲ့ ညီညွတ်ရေးပါတီ (ပီကေပီအိုင်) ပါတီကို ကိုယ်စားပြုပြီး ၀င်ပြိုင်ပါမယ်။ သူဟာ အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် လူသိများထင်ရှားသူတွေထဲက တယောက်ဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ ချောချောလှလှ အမတ်လောင်းတွေဟာ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ သက်သက်လို့ ဆိုကြပါတယ်၊။ ဒါပေမယ့် ကာယကံရှင် တယောက်ဖြစ်တဲ့ တလီတာ ကိုယ်တိုင်ကတော့ အပြောင်းအလဲကို ဖန်တီးချင်လို့ နိုင်ငံရေးထဲ ၀င်လာလာတာလို့ ပြောပါတယ်။ “တိုင်းပြည်ကို ပြောင်းလဲစေချင်တယ်။ ဒီလို ပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ စနစ်ထဲကို တကယ်ရောက်သွားမှ အပြောင်းအလဲ လုပ်နိုင်မယ့် ပေါ်လစီတွေကို ပုံကြမ်းရေးဆွဲနိုင်မှာပေါ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါတယ်။ အင်ဒိုနီးရှားရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ပါတီတိုင်းမှာ လွှတ်တော်အမတ်စာရင်းမှာ အမျိုးသမီး အမတ်အရေအတွက် ၃၀ ရာခိုင်နှုန်း မဖြစ်မနေ ပါရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးအမတ်လောင်း အရေအတွက် တိုးလာတဲ့အတွက် ဗိုလ်ချုပ်ဟောင်းတွေ၊ အမျိုးသားတွေ လွှမ်းမိုးထားတဲ့ တင်းမာတဲ့ အင်ဒိုနီးရှား နိုင်ငံရေး မြင်ကွင်းမှာ ပျော့ပြောင်း လှုပ်ခတ်လာတာတော့ ရှိပါတယ်။ အမျိုးသမီးတွေဟာ လူမှုတွေ ကိစ္စရပ်တွေမှာ ပိုပြီးတော့ အာရုံစိုက်ကြပါတယ်၊ ဆင်းရဲချမ်းသာ ကွာဟမှုလို ကိစ္စမျိုးကို အမျိုးသမီးတွေက ပိုပြီး အာရုံစိုက်လေ့ရှိတယ်လို့ ဒီမိုကရက်တစ် ပါတီရဲ့ အမတ်လောင်း မာရီ အမာဒီရာ အစ္စမာယာနီ က ပြောပါတယ်။ “အမျိုးသမီး လွှတ်တော်အမတ်တွေဟာ မိသားစုတွင်း ပြဿနာတွေကို နားလည်တယ်။ ဥပမာ မိသားစုတွင်း အကြမ်းဖက်မှုတွေ၊ ဆင်းရဲနုံချာတဲ့ ကလေးတွေ ကိစ္စမျိုးတွေပေါ့။ ဒီလို ကိစ္စတွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ နားလည်တယ်။ ဒါကြောင့် အင်ဒိုနီးရှား အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ အမတ်တွေ ပေါ်လာဖို့ လိုတယ်။ ဒါမှ အရည်အချင်းပြည်ဝပြီး နိုင်ငံရေးကို နားလည်တဲ့ အမျိုးသမီးတွေ ပါဝင်လာမှာ အစိုးရထဲမှာ အမျိုးသမီးအခွင့်အရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နိုင်မယ်။” လို့ ပြောပါတယ်။ အမျိုးသမီးတွေကို ဆုံးဖြတ်နိုင်စွမ်းရည် မြင့်မားဖို့ ဆွေးနွေးပွဲတွေကို နိုင်ငံတ၀ှမ်းမှာ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ဦးစီးစီစဉ်နေတာလည်း ရှိပါတယ်။ အောက်ခြေအမျိုးသမီးနိုင်ငံရေးသမားတွေကို လေ့ကျင့်သင်တန်းတွေ စီစဉ်ပေးနေသူ တယောက်ကတော့ အင်ဒိုနီးရှားတက္ကသိုလ်မှာ နိုင်ငံရေးလေ့လာရေးဌာနရဲ့ ဒုတိယဥက္ကဋ္ဌ အန်နာ မာဂရက်က ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ပညာလည်း တတ်၊ အခွင့်အရေးကိုလည်း နားလည်ပေမယ့် ဖိုဝါဒ ကြီးစိုးတဲ့ ဓလေ့ကြောင့် အခက်တွေ့နေရတုန်းပဲလို့ ပြောပါတယ်။ “အမျိုးသမီးတော်တော်များများဟာ တန်းတူရေး၊ အမျိုးသမီးခေါင်းဆောင်တွေအခန်းကဏ္ဍကို မြှင့်တင်ရေးလို့ ပြောနေတဲ့ အချိန်တည်းမှာ နေ့စဉ် ဘ၀တွေမှာတော့ အမျိုးသမီးတွေဟာ အစ်ကိုမောင်တွေ၊ အဖေတွေ၊ ခင်ပွန်းတွေရဲ့ သဘောတူညီချက် ဘောင်ထဲက မရုန်းထွက်နိုင်ဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။ ဧပြီလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ်လောင်း ရှစ်သောင်းလောက် ၀င်ပြိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။ သမတ ရွေးကောက်ပွဲသို့ အင်ဒိုနီးရှားနိုင်ငံဟာ လွတ်လပ်ရေးရပြီး ရာစုတခုရှဲု ပထမပိုင်း ထက်ဝက်လုံးလုံး အာဏာစနစ် အောက်မှာ ကျရောက်ခဲ့ရပါတယ်၊ ၁၉၉၈ ခုနှစ်မှာ လူမှုရေးနဲ့ စီးပွားရေး ၀ရုန်းသုန်းကား ဖြစ်ပြီး အာဏာရှင်စနစ် အဆုံးသတ်သွားခဲ့ပါတယ်။ ဧပြီလ လွှတ်တော်အပြီးမှာ ဇူလိုင်လကျရင် ပြည်သူတွေဟာ သမ္မတ ရွေးကောက်ပွဲမှာ နောက်တကြိမ် မဲပေးရပါဦးမယ်။ လူဦးရေ သန်း ၂၄၀ ရှိတဲ့ နိုင်ငံကို ဦးဆောင်ဖို့ တိုက်ရိုက် မဲပေး စနစ်နဲ့ တတိယအကြိမ်မြောက် ရွေးချယ်ခွင့်ရမှာ ဖြစ်ပါတယ်။ ရည်ညွန်း။ ။ Reuters
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024