Home
ဆောင်းပါး
စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက ပထမဆုံး သဘောတူစာချုပ်
DVB
·
July 23, 2022

ယူကရိန်းစစ်ပွဲက ငါးလ ကျော်လာပါပြီ။ ငါးလအတွင်း ရုရှားတပ်တွေက ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းနယ်မြေအစိတ်အပိုင်းအချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုပေမယ့် စစ်ပွဲမပြီးသေးပါဘူး။ နေ့စဉ်နဲ့အမျှ ရုရှားတပ်တွေက ယူကရိန်းမြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲနေလို့ မြို့ကြီးတချို့ဟာ မြင်မကောင်းအောင် ပျက်စီးနေပါပြီ။ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေလိုပဲ ယူကရိန်းဟာ စစ်ဒဏ်ကို အလူးအလဲခံစားနေရဆဲ အခြေအနေပါ။ 

ဒါပေမဲ့ ခုချိန်ထိ ကိဗ်မှာ ဇီလန်းစကီး ရုံးထိုင်နေဆဲဖြစ်သလို ဥရောပခေါင်းဆောင်တွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် လက်ခံတွေ့ဆုံနေဆဲပါ။ အနောက်အုပ်စုနဲ့ အမေရိကန်ကတော့ ယူကရိန်းအတွက် လိုအပ်တဲ့ လက်နက်တွေကို ထပ်မံပို့ပေးနေဆဲပါ။ သဘောကတော့ ယူကရိန်းဟာ ရုရှားလက်အောက် လုံးဝမကျရောက်သေးဘဲ နိုင်ငံရဲ့ ဧရိယာအများအပြားဟာ ယူကရိန်းလက်ထဲမှာ ရှိနေသေးတာပါ။ ဒါဆိုရင် ရုရှားတွေရဲ့ စစ်ရေးရည်မှန်းချက်ဟာ ထင်သလောက် မအောင်မြင်သေးဘူးလို့ ဆိုနိုင်တယ်။

ဒီလို စစ်ဖြစ်နေဆဲ အခြေအနေမှာပဲ နှစ်ဖက်ထိခိုက်မှုတွေက အကြီးအကျယ်ရှိလာပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ ကြံ့ကြံခံနိုင်ရုံမက သူ့ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြောင့် ရူဘယ်ငွေကြေးတောင် အရင်ထက်ပိုခိုင်လာတယ်။ ဒါဟာ sanction ကြောင့် ဘာမှ မဖြစ်ပါဘူးလို့ ဆိုနိုင်ပေမယ့် တကယ့်အခြေအနေ နဲ့ ရေရှည်မှာရော ဘယ်လိုဖြစ်လာနိုင်သလဲ။ 

သေချာတာတစ်ခုကတော့ အိမ်နီးချင်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို စစ်တပ် အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာဟာ “ကျူးကျော်စစ်” ပါပဲ။ ရုရှားဘက်ကတော့ အထူးစစ်ဆင်ရေး (Special Military Operation) လို့ ခေါင်းစဉ်တပ်သလို နာဇီတွေကို နှိမ်နင်းဖို့လို့ ဆိုပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရုရှားလုပ်ရပ်ကို စစ်တမ်းကောက်ကြည့်ရင်လည်း ဒါဟာ ကျူးကျော်စစ်လို့ပဲ ဆိုကြမှာ အသေအချာပါ။ 

ဒီအခြေအနေမှာ ရုရှားဟာ ကမ္ဘာမှာ အလိုလိုနေရင်း အထီးကျန်ဘဝကို ရောက်သွားပါတယ်။ အနောက်အုပ်စုနိုင်ငံများရဲ့ ပစ်ပယ်ခံ ရုရှားဘက်မှာ တရုတ်၊ မြောက်ကိုးရီးယား အပါအဝင် နိုင်ငံတချို့ကလွဲလို့ ပေါင်းမယ့်သင်းမယ့်သူ နည်းနေတဲ့ ရုရှားက သူ့မှာလည်း မိတ်ဆွေ အပေါင်းအသင်းတွေ ရှိနေကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှားသမ္မတ ပူတင်ဟာ သူ့ရဲ့ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အီရန်နိုင်ငံ တီဟီရန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ 

ယူကရိန်းစစ် စတင်ပြီး ငါးလအကြာ ပူတင်ရဲ့ ပထမဆုံး အီရန်နိုင်ငံခရီးစဉ်မှာ ခေါင်းဆောင်သုံးဦး တွေ့ဆုံကြပါတယ်။ သူတို့သုံးဦးကတော့ ရုရှားသမ္မတ ပူတင်ရယ်၊ တူရကီသမ္မတ အာဒိုဂန်ရယ်၊ အီရန်ခေါင်းဆောင် အလီခါမေနီ တို့ရယ်ပါ။ ရုရှားဦးဆောင်တဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးပွဲလို့ ဆိုရမှာပါ။ အဓိက အကြောင်းအရာက “ကောက်ပဲသီးနှံတင်ပို့ရေး” ကိစ္စပါ။ 

တူရကီနဲ့ ရုရှားက ဆီးရီယား ပြည်တွင်းစစ်မှာ ဟိုဘက် ဒီဘက် ထိပ်တိုက်ပါဝင်ပတ်သက်နေပေမယ့် ရုရှားကို စီးပွားရေးပိတ်ဆို့တဲ့အထဲမှာတော့ တူရကီက မပါခဲ့ဘူး။ တူရကီဟာ နေတိုးအဖွဲ့ဝင် နိုင်ငံလည်း ဖြစ်သလို ယူကရိန်းကိုလည်း တိုက်ခိုက်ရေး ဒရုန်းတွေ ထောက်ပံ့ပေးနေတဲ့နိုင်ငံပါ။ 

သုံးနိုင်ငံ ခေါင်းဆောင်တွေ ခုလိုတွေ့ဆုံပြီး ညီညွတ်ဟန်ပြကြပေမယ့် သူတို့အားလုံး ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ပါ။ အီရန်က ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး ယူကရိန်းစစ်ကို ရုရှားဘက်က ထောက်ခံသူပါ။ “ကိုယ်က ခုလို လက်ဦးမထားရင် အနောက်အုပ်စုက တစ်ခုခု အကြောင်းရှာလာမှာပဲ” လို့ ခါမေနီက ပူတင်နဲ့တွေ့ချိန်မှာ ပြောလိုက်ပါတယ်။ 

သူတို့သုံးဦး အီရန်မှာ တွေ့ကြပြီးတဲ့နောက်မှာတော့ ယူကရိန်းမှာ ပိတ်မိနေတဲ့ ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့ရေး သဘောတူညီမှုတစ်ခု ရခဲ့ကြတယ်။ ဒါဟာ စစ်ဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်းကြား ရှားရှားပါးပါး သဘောတူစာချုပ်တစ်ခုပါ။ 

သိကြတဲ့အတိုင်း ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာမှာ စားနပ်ရိက္ခာ အကျပ်အတည်းကြီးကျရောက်၊ ကုန်ဈေးနှုန်းတွေ တက်နေပါတယ်။ အဓိကအကြောင်းက ယူကရိန်းရဲ့ ဂျုံနဲ့ နေကြာဆီ ပို့ကုန်တွေကို တင်ပို့လို့မရအောင် ရုရှားက ပင်လယ်နက်ထွက်ပေါက်ကို ပိတ်ဆို့ထားတဲ့အတွက်ပါ။ ဒီစာချုပ်အရ ရုရှားက ယူကရိန်း ကောက်ပဲသီးနှံတင် သင်္ဘောတွေကို ပင်လယ်နက်ကတဆင့် ဖြတ်သန်းခွင့်ပြုပေးမှာ ဖြစ်တယ်။ 

စာချုပ်ကို ဇူလိုင် ၂၂ ရက် မှာ တူရကီနိုင်ငံမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးကြမှာပါ။ လက်မှတ်ထိုးပွဲကို ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ ရှေ့မှောက်မှာ ပြုလုပ်ကြမှာပါ။ ရုရှားသမ္မတပူတင်ကတော့ ယူကရိန်း ကောက်ပဲသီးနှံတွေ တင်ပို့ခွင့်ပြုသလိုပဲ ရုရှားထွက်ကုန်တွေကိုလည်း တင်ပို့ခွင့်ရဖို့ တောင်းဆိုခဲ့တယ်။ ဒါကို အမေရိကန်နဲ့ နေတိုးအုပ်စုကလည်း လိုက်လျောပေးခဲ့တယ်လို့ ဆိုတယ်။ သင်္ဘောအာမခံ အပါအဝင် တခြားပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဦးမယ်ဆိုတယ်။ 

ရုရှားနဲ့ ယူကရိန်းကြား ဖြစ်ပွားနေတဲ့စစ်ကြောင့် ဥရောပက အဓိက မှီခိုနေရတဲ့ ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တင်ပို့တာ ရပ်ဆိုင်းသွားမလားလို့ အထူးစိုးရိမ်နေကြပေမယ့်လည်း ခုတော့ ရုရှားက ဓာတ်ငွေ့တင်ပို့မှုတွေ အရင်အတိုင်း ဆက်လုပ်နေတာ တွေ့ရတယ်။ 

တဖက်နဲ့ တစ်ဖက် စစ်ပွဲကြီးတွေဖြစ်နေပေမယ့် ကမ္ဘာကြီးရဲ့ ရိက္ခာလိုအပ်ချက်အတွက် ရုရှားဟာ ပိတ်ဆို့ထားတဲ့ ရေပိုင်နက်ထွက်ပေါက်ကို လမ်းဖွင့်ပေးခဲ့တယ်။ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ အမြဲတမ်းခေါင်းမာပြီး မနေဘူးလို့ ဒီဖြစ်ရပ်ကိုကြည့်ပြီး ကောက်ချက်ချမိတယ်။

ချစ်ဝင်းမောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024