
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မှာ ဇူလိုင် ၂၂ ရက် မနက် ၇ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဆားလင်းကြီးမြို့မစည်ပင်ဈေးအနီးက စံနန်းအမည်ရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြစဉ် အမည်မသိလူ ၈ ဦးလောက်က ကား ၁ စီးနဲ့ လာရောက်ပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
“မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ကားနဲ့လာပြီး ပစ်ခတ်သွားတာ မှန်တယ်ဗျ။ သေသွားတဲ့ ရဲတွေပါလာတဲ့ သေနတ် ၃ လက်ကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းသွားတယ်လို့ သိရတယ်။ ဒါပေမယ့် ဒေသကာကွယ်ရေးအဖွဲ့တွေထဲက ဘယ်အဖွဲ့က မစ်ရှင်လုပ်သွားတယ်ဆိုတာ အတိကျမသိရသေးဘူး” လို့ ဆားလင်းကြီးမြို့ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားတဲ့ မီးသတ်ရုံးကိုလည်း ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ သိရပြီး အထိခိုက်အသေပျောက်ရှိမရှိတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ဖက်ရည်ဆိုင်အတွင်း သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးထဲက ၂ ဦးကတော့ ဆားလင်းကြီးမြို့နယ်ကို ပြောင်းရွှေ့တာဝန်ကျတာ မကြာသေးဘူးလို့သိရပြီး အဲ့နေ့မနက် ၇ နာရီခွဲလောက်ကလည်း ဆားလင်းကြီးရဲစခန်းအတွင်းကနေ ရမ်းသန်းပြီး သေနတ်ပစ်ဖောက်သံတွေ ကြားရတယ်လို့ မြို့ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် ဆားလင်းကြီးမြို့တွင်းနဲ့ မြို့အပြင်မှာ စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖြစ်ပွားတဲ့ရက် ညနေချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသလို ဆက်သွယ်မေးမြန်းလို့လည်း မရရှိသေးပါဘူး။
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားရာ ဆားလင်းကြီးမြို့မရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။