DVB Logo
Home
မြန်မာသတင်း
မြန်မာတင်သွင်းသည့် ကနဦးကန့်ကွက်လွှာအားလုံးကို ICJ တရားရုံး ပယ်ချ
DVB
·
July 22, 2022
မြန်မာတင်သွင်းသည့် ကနဦးကန့်ကွက်လွှာအားလုံးကို  ICJ တရားရုံး ပယ်ချ
1 / 2
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အားလုံးကို တညီတညွတ်တည်း ပယ်ချကြောင်း  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီနေ့ ဇူလိုင် ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲလောက်က  တရားရုံးအမိန့်ဖတ်ကြားပွဲကျင်းပရာမှာ တရားသူကြီး Joan Donoghue က မြန်မာရဲ့လျှောက်ထားချက်တွေကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ဖတ်ကြားသွားတာဖြစ်ပါတယ်။

မြန်မာဘက်က ကန့်ကွက်ချက်ထဲမှာ ၃ခုကို ICJ တရားသူကြီး ၁၆ယောက်က တညီတညွတ်ထဲဆုံးဖြတ် ပယ်ချခဲ့ပြီး ကန့်ကွက်ချက်တခုကိုတော့ ၁၅မဲ ၁မဲ နဲ့ မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်အမိန့်ချမှတ်လိုက်တာကြောင့်   မူလတရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့ တရားစီရင်ပိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။ 

ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် ဒီနေ့တရားခွင်ကို နှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ တရားသူကြီးတွေ၊ ရုံးအဖွဲ့ဝင်တွေ၊ ခွင့်ပြုထားတဲ့ သတင်းမီဒီယာတချို့ပဲ တက်ရောက်ခွင့်ရှိမှာဖြစ်ပေမဲ့  ICJ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

အမိန့်ဖတ်ကြားပွဲကို စစ်ကောင်စီခန့် ဝန်ကြီး ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရားရုံးမှာ လာရောက်နားထောင်ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  မြန်မာကို ဂမ်ဘီယာဘက်က တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံဟာ OIC အစ္စလာမ်မစ်နိုင်ငံတွေကိုယ်စားပြုပြီး တရားစွဲဆိုတာ မြန်မာနဲ့ ဂမ်ဘီယာ ၂နိုင်ငံအကြား အငြင်းပွားမှုတိုက်ရိုက်မရှိခဲ့တာတွေအပြင် ရိုဟင်ဂျာအရေးကြောင့် ဂမ်ဘီယာနိုင်ငံမှာ တိုက်ရိုက်ထိခိုက်နစ်နာမှုမရှိတာတွေ Genocide Convention သဘောတူစာချုပ်ကို မြန်မာနိုင်ငံလက်မှတ်ထိုးရာမှာ ပုဒ်မ၈ အပိုဒ်ကို ချန်လှပ်ခဲ့တဲ့အတွက် ICJ တရားရုံးက ဒီအမှုကို စီရင်ပိုင်ခွင့်မရှိဘူး စတဲ့ ကန့်ကွက်ချက် ၄ခုကို စစ်ကောင်စီကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ ကန့်ကွက်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013