Home
မြန်မာသတင်း
စစ်တပ်နှင့် ဆက်နွှယ်နေသည့် LOTTE ဟိုတယ်လုပ်ငန်းအတွက် သြစတြေးလျသံရုံးက ဒေါ်လာ ၅ သိန်းကျော် သုံးစွဲ
DVB
·
July 22, 2022

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးဟာ မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ LOTTE ဟိုတယ် အပါအဝင် ဟိုတယ်ရဲ့ အဆင်မြင့်ဝန်ဆောင်မှု လူနေ တိုက်ခန်းတွေမှာ နေထိုင်စရိတ်၊ အစားအသောက်နဲ့ တခြားဝန်ဆောင်မှုတွေအတွက်လည်း အမေရိကန်ဒေါ်လာ ၅၂၅,၀၀၀ ကျော်ကို သုံးစွဲထားတယ်လို့  Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။ 

ဒီကိန်းဂဏန်းအချက်အလက်တွေကို သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ Justice For Myanmar အား ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျသံရုံး အပါအဝင် သံအမတ်ကြီး နေအိမ်အတွက် ငှားရမ်းမှု အစီအစဉ်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် တောင်းဆိုမှုကိုတော့ ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းအားလုံးကို ဆန့်ကျင်ဖို့ အကြံပြုထားတဲ့ အချက်ကို သြစတြေးလျနိုင်ငံဟာ ဆန့်ကျင်ရာ ရောက်နေပါတယ်။

အကြောင်းရင်းက အိမ်ခြံမြေလုပ်ငန်းဟာ မြန်မာစစ်တပ်အတွက် အဓိကအခွန် ဝင်ငွေ စီးကြောင်း တရပ်အနေဖြင့် ရှိနေတယ်ဆိုတာကို  အချက်အလက်ရှာဖွေရေးမစ်ရှင်က တွေ့ရှိခဲ့လို့ပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း LOTTE ဟိုတယ်ဟာ ကိုယ့်ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ နဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အပြည့်အဝ တာဝန်ရှိတဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ လိုလိုလားလား အားပေးကူညီနေတယ်လို့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြစ်တင်ပြောဆိုထားပါတယ်။

LOTTE ဟိုတယ်နဲ့ အဆင့်မြင့်ဝန်ဆောင်မှု လူနေတိုက်ခန်းစီမံကိန်းရဲ့ နောက်ကွယ်မှာ အဓိက ရင်းနှီးမြှုပ်နှံသူတွေဟာ တောင်ကိုရီးယားအခြေစိုက် POSCO International ကော်ပိုရေးရှင်းမှ ၆၉ ဒသမ ၃ ရာခိုင်နှုန်း၊ LOTTE ကော်ပိုရေးရှင်းမှ ၁၅ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး ကျန်ရှိတဲ့ ၁၅ ရာခိုင်နှုန်းကို ယခင် စက်မှု-၁ ဝန်ကြီးဟာင်း ဦးအောင်သောင်းရဲ့ သား နေအောင် (မြန်မာ့ရေတပ် စစ်ဦးစီးချုပ် မိုးအောင်ရဲ့ အစ်ကို)က ပိုင်ဆိုင်ပါတယ်။

ဥရောပသမဂ္ဂ က IGE စီးပွားရေးလုပ်ငန်းစုဟာ မြန်မာစစ်တပ်ကို ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် နယ်မြေရှင်းလင်း စစ်ဆင်ရေးနဲ့ ဆက်နွှယ်ပြီး ငွေကြေးပံ့ပိုးခဲ့ပါတယ်။ အဲ့အတွက် ရိုဟင်ဂျာလူမျိုးတွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားဖြည့် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် IGE ဟာ တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ဆက်နွှယ်တဲ့ များစွာသော စီမံကိန်းတွေမှာ ငွေကြေးဆိုင်ရာ ထည့်ဝင်မှုနဲ့အတူ တပ်မတော်ကို သွယ်ဝိုက်စွာဖြင့် ငွေကြေး ပံ့ပိုးပေးနေတာ ရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒီ့အတွက်ကြောင့် ဥရောပသမဂ္ဂက နေအောင်ပိုင်ဆိုင်တဲ့ IGE စီးပွားရေးလုပ်ငန်းစုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ 

ဥရောပသမဂ္ဂရဲ့ အခုလို ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ဖို့အတွက် သိသာထင်ရှားတဲ့ ကြိုးပမ်းမှုက IGE Sinphyushin ကုမ္ပဏီကို Spirit Paradise Services အမည်နဲ့ ပြောင်းလဲခဲ့ပါတယ်။ ဒီ့နောက် International Group of Entrepreneur Company Limited မှာရှိတဲ့ သူ့ရဲ့ ရှယ်ယာတွေကို Myanmar National Energy ကုမ္ပဏီဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီ့အပြင် Spirit Paradise Services မှ ဒါရိုက်တာ အသစ် နှစ်ဦးဖြစ်တဲ့ လွင်ရတနာဦးနဲ့ သော်ဇင်လင်း အပါအဝင် Myanmar National Energy မှ ရှယ်ယာရှင် အသစ် တဦးဖြစ်တဲ့ ပိုင်ဇင် တို့ဟာ မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ထားတဲ့ ဘယ်ကုမ္ပဏီတွေနဲ့မျှ ဆက်ဆံတာ မတွေ့ရတာကြောင့် သူတို့ဟာ ကုမ္ပဏီရဲ့ အကျိုးအမြတ် ပိုင်ဆိုင်သူ အစစ်အမှန်ကို ဖုံးကွယ်ဖို့အတွက် IGE ရဲ့ လက်ပွားအမည်ခံ ကိုယ်စားလှယ်တွေ အနေဖြင့် ဆောင်ရွက်နေတာ ဖြစ်နိုင်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်နဲ့ စီးပွားရေး ပတ်သက်ဆက်နွှယ်တာတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အကြံပြုချက်တွေကို လျစ်လျူရှုပြီး သြစတြေးလျနိုင်ငံဟာ အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို စစ်တပ်ဆက်နွှယ်တဲ့ LOTTE ဟိုတယ်မှာ အသုံးပြုနေတာက စိတ်ပျက်ဖွယ်ရာပါ။ စီးပွားရေးလုပ်ငန်းတွေ၊ တသီးပုဂ္ဂလတွေ၊ အစိုးရတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ အနေဖြင့် LOTTE ဟိုတယ် နဲ့ စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ အခြားသော စီးပွားရေးလုပ်ငန်း အားလုံးကို သပိတ်မှောက်ဖို့ ကျမတို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ LOTTE ဟိုတယ် အပါအဝင် စစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီအားလုံးနဲ့ စီးပွားရေး ပတ်သက်ဆက်နွှယ်မှုတွေကို ချက်ချင်း အဆုံးသတ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းကို Justice For Myanmar မှ တိုက်တွန်းထားပါတယ်။

LOTTE ဟိုတယ် အပါအဝင် အဆင့်မြင့်ဝန်ဆောင်မှု လူနေတိုက်ခန်းစီမံကိန်း တည်ဆောက်ဖို့အတွက် မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးက (BOT) စနစ်နဲ့ ခွင့်ပြုပေးထား ဖြစ်ပါတယ်။

ဒါကြောင့် သဘောတူညီချက်အရ နှစ် ၇၀ ငှားရမ်းမှု သက်တမ်းကုန်ဆုံးချိန်မှာ ဟိုတယ် အပါအဝင် အဆင့်မြင့်ဝန်ဆောင်မှု လူနေတိုက်ခန်းတွေကို စစ်တပ်ဆီ လွှဲပြောင်းပေးအပ် ရမှာဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်အတွက် အကျိုးအမြတ် အလွန်များတဲ့ စီးပွားရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။

LOTTE ဟိုတယ်အတွက် နှစ်စဉ်ငှားရမ်းခအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ကို စစ်ကောင်စီအား ပေးဆောင်နေတဲ့အကြောင်းလည်း Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024