DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့က ရွာ ၅၀ ခန့် စားရိက္ခာပြတ်လပ်၊ စစ်တပ်က ရသေ့တောင်စစ်ရှောင်များကို စခန်းမှ ဖယ်ခိုင်း
DVB
·
July 22, 2022
မောင်တောမြို့က ရွာ ၅၀ ခန့် စားရိက္ခာပြတ်လပ်၊ စစ်တပ်က ရသေ့တောင်စစ်ရှောင်များကို စခန်းမှ ဖယ်ခိုင်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းကို အသွားအလာပိတ်ထားတာကြောင့် ကျေးရွာ ၅၀ လောက် စားနပ်ရိက္ခာပြတ်လတ်ပြီး အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မောင်တောကနေ ကြိမ်ချောင်းအထိပဲ သွားလို့ရတယ်။ ကြိမ်ချောင်း ၂၄ စစ်ဆေးဂိတ်က မြောက်ပိုင်းသွားလာခွင့် လုံးဝပိတ်ထားတာ။ ကားလည်းသွားမရဘူး၊ ဆိုင်ကယ်လည်းသွားမရဘူး” လို့ ကြိမ်ချောင်းကျေးရွားသားတဦးက ပြောပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်ကားတစ်စီးအား မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာ အနီး  မိုင်းခွဲတိုက်ခိုက်မူများအပြီး အခုလို အသွားအလာပိတ်ထားတာပါ။

ခုံတိုင်ကျေးရွာသားတဦးက “ဟုတ်ပါတယ်။ မောင်တောကို သွားမရဘူးဆိုတော့ စားသောက်ကုန်တွေ၊ ဆန်တွေရှာမရတောဘူး။ ဆိုက်ကယ်မှာ ထည့်မယ့်ဆီတောင် မရှိတော့ဘူး” လို့ ပြောပါတယ်။

အောင်သပြေ၊ ဗန္ဓုလ၊ ဒုံးညို၊ ကျောက်လုံး၊ ပျာရည်၊ ဝေလာတောင်၊ ခမောင်းဆိပ်၊ မင်းခမှောက်၊ အောင်ချမ်းသာ၊ သက်ကိုင်ညှာ၊ တောင်ပြိုလက်ဝဲ၊ နံသာတောင်၊ သင်္ဘောလှ၊ သာယာကုန်း၊ တရိမ်း စတဲ့ ကျေးရွာ ၅၀ လောက် စားနပ်ရိက္ခာပြတ်လပ်ပြီး အခက်အခဲကြုံနေကြရတာပါ။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်များပြီး ကတည်း ICRC နဲ့ WFP ရဲ့ ထောက်ပံ့မူတွေနဲ့ စားသောက်နေထိုင်ကြရတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ က စစ်တွေမြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာအစည်းအဝေးမှာ မောင်တောမြို့နယ်မြောက်ပိုင်းကို UN အဖွဲ့အစည်းတွေအပါအဝင်  NGO၊ INGO အဖွဲ့တွေအား သွားလာခွင့် ယာယီပိတ်ထားခဲ့တာပါ။

အခုတဖန် တိုက်ပွဲ ထပ်​ဖြစ်ပြီးနောက် မြောက်ပိုင်းကျေးရွာအားလုံးကို သွားလာခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်ပြီး အခက်အခဲကြုံနေကြရတာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ရှိလာတာကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ပြည်သူတွေကို သတိပေးထုတ်ပြန်လိုက်ပါတယ်။

ရသေ့တောင်မြို့ ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၉ ရက် မနက်ပိုင်းကတည်းက တပ်စွဲနေတာကြောင့် စစ်ဘေးရှောင်တွေ တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြည်လုံးချမ်းသာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းက တပ်မ ၂၂ အမှတ်တံဆိပ်ပါ စစ်ကောင်စီတပ်ဖွဲ့ ၅၀ ကျော်လောက်က တပ်စွဲလာပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ စစ်ရှောင်တွေကို စခန်းကနေဖယ်ပေးဖို့ ပြောထားတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

"အင်အားကတော့ ၅၀ ကျော်လောက်ရှိတယ်။  စစ်တပ်က တပ်စွဲနေတာကြောင့် တချို့ စစ်ဘေးရှောင်တွေက ရှောင်နေကြရတယ်။ အဲဒီမှာကျန်ခဲ့တဲ့ သက်ကြီးပိုင်းတွေကိုလည်း စစ်သားတယောက်က မနေကြတော့နဲ့ဆိုပြီး လာပြောခဲ့တယ်။ ကိုယ်နေရာမှာ နေထိုင်ဖို့ အဆင်မပြေလို့ စစ်ဘေးရှောင်နေကြတာ။ ကျနော်တော်တို့ဘယ်မှာ သွားနေရမှန်းမသိတော့ဘူး"

ရသေ့တောင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ် ဝတ်ဆင်ကာ လက်နက်ကိုင်ပြီး သွားလာနေကြသလို စစ်ကောင်စီရေတပ် ဇတ်ရေယာဥ်ကလည်း မြို့ရှေ့တည့်တည့်မှာ ကျောက်ချ ထားတာကြောင့် ဒေသခံတွေကြား စိုးရိမ်နေတယ်လို့ ရသေ့တောင်မြို့ခံတဦးကပြောပါတယ်။

"ဒီနေ့အခြေနေကတော့ မြို့ထဲမှာ စစ်သားတွေက အရပ်ဝတ်တွေနဲ့ လက်နက်တွေကိုင်ဆောင်ပြီး သွားလာနေကြတာတွေကို တွေရတယ်။ နယ်ကလာကြတဲ့ ခရီးသည်တင်တဲ့ လှိုင်းဘုတ်တွေ ဆိုရင်လည်း ၁၂ နာရီလောက်ဆိုရင် အကုန်လုံးပြန်ကြပြီဖြစ်တယ်။ ညပိုင်း ၅နာရီလောက်ဆိုရင် တော့ ဘယ်သူမှ အပြန်မှာထွက်ပြီးသွားလာနေကြတာမရှိကြတော့ဘူး။"

ဇူလိုင် ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရသေ့တောင်မြို့ပေါ်ရပ်ကွက်တချိုရှိ့ အိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြို့ဝင်မြို့ထွက်များကိုလည်း လုံခြုံရေးတင်းကျပ်ထား တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါအပြင် ရသေ့တောင်မြို့အနီးရှိ ကျေးရွာတချို့ကိုလည်း စစ်ကောင်စီ စစ်ကြောင်းတွေက ဝင်ရောက်လာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013