
ရန်ကုန်တိုင်း၊ ဥက္ကံမြို့၊ ဗန္ဓုလရပ်ကွက်၊ ကံဦးကျောင်းလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူးတယောက်ကို ဇူလိုင် ၂၁ ရက် ညနေပိုင်းမှာ အမည်မသိအမျိုးသားတယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရာအိမ်မှူးကို အမည်မသိအမျိုးသားတယောက်က ဧည့်စာရင်းတိုင်မယ်ဆိုပြီး သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဧည့်စာရင်းပေးတဲ့အချိန် ဖြစ်သွားတာ၊ ဆိုင်ကယ်နဲ့ အဲ့လူက ရောက်လာတာ၊ ဧည့်စာရင်းတိုင်မယ်ထင်လို့၊ ရုံးထဲဝင်ပြီး ပစ်သွားတာ။”
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ရာအိမ်မှူး ဦးတင်မျိုးဆွေမှာ ကျည်ထိမှန်ဒဏ်ရာသုံးချက်ရရှိကာ တိုက်ကြီးမြို့နယ်ဆေးရုံကို ပို့ဆောင်ကုသထားရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပခုံးရယ်၊ နားရယ်၊ လက်တွေရယ် ထိတယ်။ ပစ်တဲ့သူကို ရဲတွေက ဖမ်းသေးတယ်၊ မမိဘူး လွတ်သွားတယ်။”
လတ်တလောမှာ စစ်တပ်နဲ့ ရဲတွေဟာ ဗန္ဓုလရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူထားပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း ဥက္ကံမြို့မှာ စစ်ကောင်စီသတင်းပေး ဒလန်တချို့ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။