
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီကျေးရွာနဲ့ ပခပ်ကျေးရွာကြားမှာ စစ်ယာဉ််တန်းကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အေဒင်မှူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေတ္တာမြို့မှ ထားဝယ်ကို ထွက်လာတဲ့ ကား ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီလောက်က ပခပ်ရွာသင်္ချိုင်းအနီးတကြိမ်နဲ့ ဝက်သေအနီး တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အေဒင်မှူးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီမှ ၂၄ ဦးလောက် သေဆုံးခဲ့ပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ယာဉ်တန်းလာလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပခပ်ရွာရှိ နေအိမ်တွေက အပ်ချုပ်စက်၊ ဆန်အိတ်၊ သစ်သား စတာတွေကို စစ်ကောင်စီတပ်ဖွဲ့က ခိုးယူခဲ့ကြတယ်လို့ အေဒင်မှူးအဖွဲ့တာဝန်ရှိသူက ရှင်းပြပါတယ်။
“သူတို့က ရွာထဲကနေ ရှေ့ပြေးမပါဘဲ တဖာလုံနီးပါး ကားနဲ့ထွက်လာကြတယ်။ ငါတို့ကလည်း ရွာထိပ်တံတားအလွန် သင်္ချိုင်းနားက မိုင်းထောင်ပြီး အဆင်သင့်စောင့်နေတယ်။ မိုင်းထောင်ထားတဲ့နေရာမှာပဲ ကားရပ်ပြီး ယာဉ်တန်းအရှေ့ဆုံးက ကား ၄ စီးမှာပါတဲ့သူတွေ ခြေလျင်သွားဖို့ ဆင်းလာတာ ထင်တယ်။ အဲချိန်မှာပဲ ငါတို့ မိုင်း ၃ လုံးဆက် ဖောက်ခွဲလိုက်တယ်။ ထုတ်ပြန်ချက်မှာ ထိခိုက်သေဆုံးတာ ခန့်မှန်းပြီး ထည့်ထားတယ်။ ဒိထက်ပိုများနိုင်တယ်။”
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တရစပ် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကားပေါ်တင်ကာ ခြေလျင်စစ်ကြောင်းနဲ့ ထွက်ခွာလာစဉ် ဝက်သေအကွေ့မှာ မိုင်း ၂ လုံးဆက်ခွဲခဲ့တာကြောင့် ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို သင်္ကန်းတုံး ကျေးရွာအနီးမှာ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (EDF) က ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းခဲ့ပေမယ့် အင်အားအလုံးအရင်းနဲ့ ခြေလျင်စစ်ကြောင်းတွေခွဲပြီး တက်လာတာကြောင့် လက်နက်အင်အားခြင်းမမျှဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ EDF က ထုတ်ပြန်ထားပါတယ်။