Live
Home
မြန်မာသတင်း
မီနီဘတ်စ်ကျောင်းကားများကို စစ်ကောင်စီက YBS လိုင်းကားအသွင်ပြောင်း
DVB
·
July 21, 2022

အန်အယ်လ်ဒီအစိုးရက ကျောင်းကားအဖြစ်အသုံးပြုဖို့ဝယ်ယူထားတဲ့ မီနီဘတ်စ်ယာဥ်တွေကို စစ်ကောင်စီက  YBS ဘတ်စ်ကားတွေအဖြစ် ရန်ကုန်မှာ ပြောင်းလဲအသုံးပြုနေတယ်လို့ သိရတယ်။

ဒီရက်ပိုင်းအတွင်း Yangon School Bus စာတမ်းပါ မီနီဘတ်စ်ကားတွေကို ယာဥ်လိုင်းတချို့ဆီမှာ  YBS တံဆိပ်၊  ယာဥ်လိုင်းတံဆိပ်တွေကပ်ပြီး လိုင်းဝင် ပြေးဆွဲနေတာ ဖြစ်ပါတယ်။

အဲဒီကျောင်းကားတွေကို ဘယ်လိုခွင့်ပြုချက်မျိုးနဲ့ YBS လိုင်းကား အဖြစ်ပြောင်းလဲ အသုံးပြုတယ်ဆိုတာကို မသိရဘူးလို့  ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မီနီဘတ်စ်လိုင်းတွေဆီကို အစီးရေခွဲထည့်ထားတယ်ဆိုတာတော့ သိရတယ်။ အပြီးရောင်းလိုက်တာလား၊ ဘာလားတော့ သေသေချာချာမသိဘူး။”

အဲဒီကားတွေကို တစ်ဦးချင်းယာဥ်ပိုင်ရှင်တွေကို ပြန်ရောင်းမယ်ဆိုပြီး စစ်ကောင်စီက ပွင့်ပွင့်လင်းလင်းအသိပေးတာမျိုးတော့ မရှိခဲ့ဖူးလို့လည်းဆိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကျောင်းကားအဖြစ်အသုံးပြုဖို့အတွက် အဲဒီမီနီဘတ်စ်အစီး ၂၀၀ ကို  တောင်ကိုရီးယားနိုင်ငံကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီကားတွေကို အစိုးရဘတ်ဂျက် ကျပ် ၅ ဘီလီယံနဲ့ ကမ္ဘောဇဘဏ်ကနေ ၅ ဒသမ၅ ဘီလီယံ ချေးယူပြီး စုစုပေါင်း ၁၀ ဒသမ၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာလို့ လွှတ်တော်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအချိန်က ဝယ်ယူထားတဲ့မီနီဘတ်စ်ကားတစ်စီးရဲ့ ကာပေါက်စျေးဟာ ကျပ်သိန်း ၅၀၀ လောက်ရှိခဲ့ပါတယ်။ မီနီဘတ်စ်ကျောင်းကားတွေ ဝယ်ယူတာဟာ ပွင့်လင်းမြင်သာမူမရှိဘူးဆိုပြီး  လွှတ်တော်အတွင်း ဝေဖန်ထောက်ပြမူတွေရှိခဲ့ပါတယ်။

ကားတွေ ဝယ်ယူပြီး ကျောင်းကားအဖြစ် စီရေ အကုန်မပြေးဆွဲနိုင်ခဲ့ဘဲ ဒီအတိုင်းရပ်ထားခဲ့ ရတာတွေကြောင့် ဝေဖန်မူတွေအများကြီးထပ်ရှိခဲ့ပါတယ်။

အဆိုပါမီနီဘတ်စ်ကျောင်းကားတွေဟာ အခုစစ်ကောင်စီ အာဏာသိမ်းချိန်မှာတော့  YBS လိုင်းကားတွေ ဖြစ်လာပြန်ပါတယ်။

အခုလို အစိုးရပိုင်ကျောင်းကားတွေကို YBS အဖြစ်ပြောင်းလဲအသုံးပြုတာနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC)က တစ်စုံတရာ အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။

ဒီကားတွေကို လက်သိပ်ထိုးရောင်းချထားတာဆိုရင်တော့ လက်ခံနိုင်စရာမရှိဘူးလို့ YBS ယာဉ်လိုင်းပိုင်ရှင် တယောက်က  ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024