စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာမှာ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက ရဲတပ်သား ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ရဲတပ်သားဟာ ညောင်ပင်ဝန်းကျေးရွာရဲကင်းမှာ တာဝန်ကျနေတဲ့ တပ်သားစည်သူအောင် ဖြစ်ပြီး ကျေးရွာဈေးအတွင်း ဈေးဝယ်ဖို့ ဆိုင်ကယ်နဲ့အသွားမှာ အမည်မသိ ၂ ဦးက သေနတ်နဲ့ အနီးကပ်ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
"ကျနော်တို့ သိရသလောက်ကတော့ ဈေးထဲ ဈေးဝယ်ရင်းနဲ့ PDF သတင်းကို အသွင်ယူစုံစမ်းဖို့ အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြီး တယောက်တည်းထွက်လာတာလို့ သိရတယ်။ ဈေးအနီး ရွာထိပ်ဘက်မှာ အနီးကပ် ပစ်သတ်ခံရတာ။ ရွာရဲကင်းကိုတော့ စစ်တပ်က လုံခြုံရေးယူထားတာရှိတယ်။”
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားစည်သူအောင်မှာ ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးသွားပြီး အလောင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က လာရောက်သယ်ယူကာ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ညောင်ပင်ဝန်းကျေးရွာဟာ စစ်ကိုင်းမြို့နယ်အတွင်းက မုံရွာ - မန္တလေးကားလမ်းမဘေးမှာ တည်ရှိပြီး ခရီးသည်ရပ်နားစခန်းမှာ ခေတ္တဝင်ရောက်ရပ်နားကြတဲ့ ခရီးသည်ကားတွေနဲ့ အရောင်းဝယ် စည်ကားတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။