မဲပေးတာဟာ တိုင်းပြည်ရဲ့ ရန်သူတွေကို လက်တုံ့ပြန်တဲ့ နည်းလမ်းဟု အာဖဂန်နစ္စတန် သမ္မတပြော

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်း
အာဖဂန်နစ္စတန်နိုင်ငံမှာ လာမဲ့ ဧပြီ ၅ ရက်နေ့ကျရင် ကျင်းပဖို့ ရှိတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ သမ္မတ ဟာမစ်ကာဇိုင်းက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတက မဲပေးတာဟာ တိုင်းပြည်ရဲ့ ရန်သူတွေကို လက်တုံ့ပြန်တဲ့ နည်းလမ်းတခု ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ [caption id="attachment_54390" align="alignright" width="300"]အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်း အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်း[/caption]မဲပေးတဲ့ပြည်သူတွေရဲ့ အင်အားများလေလေ၊ ပြည်သူတွေအပေါ် အကြမ်းဖက်ပြီး တိုင်းပြည်ကို ဖျက်ဆီးတဲ့ လူတွေကို လက်တုံ့ပြန်တာ ပိုပြီး ထိရောက်လေလေပဲလို့ ပြောပါတယ်။ သမ္မတ ကာဇိုင်းဟာ အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့ ၁၂ နှစ်က တာလီဘန်အစိုးရကို ဖြုတ်ချပြီးကတည်းက တိုင်းပြည်ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ သမ္မတသက်တမ်း ၂ ဆက် တာဝန်ထမ်းခဲ့တဲ့ သမ္မတဟာ ဖွဲ့စည်းပုံအကန့်အသတ်ကြောင့် တတိယသမ္မတသက်တမ်းကို ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့ အစိုးရ အချင်းချင်း ပထမဆုံးအနေနဲ့ အာဏာလွှဲပြောင်းပေးမှုကို ဦးတည်သွားပါလိမ့်မယ်။ တာလီဘန်အစိုးရခေတ်အလွန် ၁၃ နှစ်တာ ကာလအတွင်း အာဖဂန်နစ္စတန်မှာ ဆူပူသောင်းကျန်းမှုတွေကို ထိန်းသိမ်းနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်သား ၃ သောင်းခွဲနီးပါး ကျဆုံးခဲ့ပြီး အာဖဂန်တပ်သား ထောင်ပေါင်းများစွာလည်း အသက်စတေးခဲ့ရပါတယ်။ ပြည်သူတွေဟာ နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေဆဲဖြစ်သလို၊ အစ္စလာမ်မ္မစ် အုပ်ချုပ်ရေးစနစ်ကို ပြန်လည်အသက်သွင်းချင်တဲ့ တာလီဘန်တွေဟာ ရွေးကောက်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

//
More News
Up