Home
မြန်မာသတင်း
ကျောက်ဆည်တွင် စစ်တပ်ကဖမ်းထားသည့် ၅ နှစ်ကလေး သုံးလကျော်ကြာအထိ ပြန်မလွတ်သေး
DVB
·
July 14, 2022

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းကျေးရွာက CDM ကျောင်းဆရာ ဦးဝေလွင်ဦးကို ဖမ်းမမိတာကြောင့် စစ်ကောင်စီတပ်က အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မသိမ့်သဒ္ဓါထွန်းကို ဖမ်းဆီးထားတာ ၃ လကျော်ကြာပြီဖြစ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသလို အဆက်အသွယ်လည်း မရရှိဘူးလို့ မိသားစုဝင်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဦးဝေလွင်ဦးကို ဖမ်းမမိတာကြောင့် အသက် ၅ နှစ်အရွယ် သမီးနဲ့အတူ မိသားစုဝင် ၁၁ ယောက်ကို ဧပြီ ၃၀ ရက်က နေအိမ်မှာ ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

မသိမ့်သဒ္ဓါထွန်းကို အဒေါ်ဖြစ်သူနဲ့အတူ နေအိမ်ကနေ ဖမ်းဆီးသွားပြီး နောက်နေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ မိခင်နဲ့အတူထားမယ်လို့ဆိုကာ ညနေပိုင်းမှာ ထပ်မံဖမ်းဆီးသွားခဲ့တာ ၃ လကျော်ကြာတဲ့အထိ မိခင်ဆီကို မရောက်သေးဘူးလို့ ဆွေမျိုးသားချင်းတယောက်က ပြောပါတယ်။

“ဒီနေ့ ၁၄ ရက်နေ့က ကလေးအသက် ၅ နှစ်ပြည့်တာ။ ကလေးကို လွမ်းတယ်ဆိုတာထက် အဆင်မှပြေရဲ့လား၊ နေကောင်းရဲ့လား၊ သူ့အမေဆီလည်း မရောက်ဘူးဆိုတော့ စိုးရိမ်နေရတယ်။ ကလေးက အဖေ၊ အမေ ခေါ်တတ်တာကလွဲရင် ဘာမှကိုမသိသေးပါဘူး။ ကလေးကို ပြန်လွှတ်ပေးစေချင်တယ်။”

စစ်ကောင်စီတပ်က CDM ကျောင်းဆရာ ဦးဝေလွင်ဦးကို ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၀၅(ခ) တို့နဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းမမိတာကြောင့် ဦးဝေလွင်ဦးရဲ့ မိဘနှစ်ပါး၊ ဇနီးဖြစ်သူနဲ့ ဇနီးရဲ့ မိဘနှစ်ပါး၊ ခယ်မ၊ ညီမနဲ့ အသက် ၅ နှစ်သမီးအပါအဝင် မိသားစုဝင် ၁၁ ယောက်ကို သုံးလကြာတဲ့အထိ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ဆွေမျိုးတယောက်က “ဘယ်သူနဲ့မှကို အဆက်သွယ်မရဘူး။ အဖေဆိုလည်း လေနှစ်ခါဖြတ်ထားတာ၊ အမေဆိုလည်း သွေးတိုးရောဂါနဲ့ အမြဲဆေးသောက်နေရတာ။ ညီမအပျိုမလေးကိုလည်း သူတို့ဖမ်းထားကြတယ်။ ဆေးပို့လို့လည်း မရသလို အဆက်အသွယ်လည်း မရဘူး။ အားလုံးကလည်း တကွဲတပြားစီဖြစ်နေတာ” လို့ ပြောပါတယ်။

ဦးဝေလွင်ဦးရဲ့ ဇနီးဖြစ်သူကို ကျောက်ဆည်အခြေစိုက် အမှတ် ၁၄ ခြေမြန်တပ်ရင်းမှာ ဖမ်းဆီးထားတယ် ဆိုတာကိုပဲ သိရတယ်လို့ ဆိုပါတယ်။

ဦးဝေလွင်ဦးဟာ ကျောက်ဆည်မြို့ ပင်မသပိတ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဝရမ်းမထုတ်ခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024