
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁၃ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၃ ေယာက် ကျဆုံးခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောပါတယ်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က ‘နန်းထိုက်အောင် စစ်ဆင်ရေး’ အမည်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က KNU တပ်မဟာ (၄)၊ တပ်ရင်း (၇)၊ တပ်ခွဲ (၂) မှ ဗိုလ်ဖအေး၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူး ရဲဘော်စော်ဘွားနဲ့ KNDO တပ်ဖွဲ့ဝင်တယောက် စုစုပေါင်း ၃ ေယာက် ကျဆုံးခဲ့ပါတယ်။
အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားချိန် ၇ နာရီလောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ကိုနေဝန်းကတော့ အခုလို တပ်ဖွဲ့ဝင် ၃ ယောက် ကျဆုံးတာဟာ ရန်သူဘက်က လက်ဦးမှုရယူနိုင်ခဲ့တာကြောင့်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ၂၀ လောက်ဟာ လွန်ခဲ့တဲ့ ၅ လလောက်က ပဝတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း လာရောက်တပ်စွဲထားပြီး ရွာသားတွေကို အနိုင်ကျင့်တာ၊ ရွာသူတွေကို မဖွယ်မရာ ပြောဆိုတာတွေအပြင် ဂိတ်ချပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားတဲ့ ပဝတ်ကုန်းကျေးရွာဟာ ပုလောမြို့နဲ့ ၆ မိုင်လောက်သာ ကွာဝေးပြီး ရွာသားတချို့ကတော့ စစ်ကောင်စီတပ်သားတွေ လာရောက်တပ်စွဲကတည်းက တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။