
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နဂါးတွင်းကျေးရွာမှာ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ပြုလုပ်နေတဲ့ မင်္ဂလာဧည့်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာကာ သတို့သား၊ သတို့သမီး အပါအဝင် ၃ ဦးအား PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မင်္ဂလာဆောင်နေတုန်း ပျူစောထီးအဖွဲ့က စစ်တပ်ခေါ်လာပြီး ဖမ်းခိုင်းတာ။ သေနတ်တွေ ဖောက်ပြီး မင်္ဂလာဆောင်ကို ဝင်ဆီးတာ။ ခုံတွေ ရိုက်ချိုးပြီး သတို့သား သတိုးသမီးနဲ့ ဒေသခံ ပြည်သူတဦးကို လက်နောက်ပြန်ကြိုးချည်ပြီး မင်းတို့က PDF တွေကွဆိုပြီး ရိုက်နှက်ဖမ်းသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ပူးပေါင်းကာ မင်္ဂလာဆောင်နေတဲ့ သတို့သား ကိုဝင်းမျိုး၊ သတို့သမီး မသက်မွန်မွန်ဇာတို့နဲ့အတူ ကိုမြင့်မောင်တို့ကို ဖမ်းဆီးပြီး လက်ဖွဲ့ငွေတွေကိုလည်း သိမ်းဆည်းသွားခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့က ပြည်သူသုံးဦးအား ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုနဲ့ကျေးရွာဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။