ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၀ ရက်က ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ၈၁ မမ ၃ ချက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သိမ်ဇရပ် အမြောက်တပ်ကလည်း ဇူလိုင် ၉ ရက်က ဇီးပြောင်းကျေးရွာအုပ်စုထဲကို လက်နက်ကြီး ၁၂၀ မမ နဲ့ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ကညင်အိုင်၊ ကျောက်ရေတွင်းနဲ့ ဇီးပြောင်းကျေးရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ ဇူလိုင်ပထမအပတ်ကစပြီး ကျိုက်ထိုမြို့နယ်ထဲကို တပ်အင်အား တိုးချဲ့လာပြီးနောက် ကျေးရွာတွေထဲကို လက်နက်ကြီး အကြောင်းမဲ့ တိုက်ခိုက်တာတွေ ကျူးလွန်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်ထဲကို တပ်အင်အားတိုးချဲ့ပြီး စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဆိုပါတယ်။
ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တပ်အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
သထုံခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပေါင်းအကြိမ် ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။