မြဝတီမြို့နယ်၊ ဖလူးကြီးရွာအနီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသားများ စစ်ဘေးရှောင်

စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်မှာစိုးရိမ်တာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာနေ ပြည်သူတွေဟာ  ဇူလိုင် ၇ ရက် ဒီနေ့မနက်ပိုင်း မင်းလက်ပံရွာဘက်ကို စစ်ဘေးရှောင်နေကြပါတယ်။ 

မြဝတီမြို့တောင်ဘက်ရှိ KNLA၊ KNDO၊ PDF နဲ့ တခြားပူးပေါင်းတပ်တွေရှိတဲ့ ဖလူးကြီးရွာ စာသင်ကျောင်းဝင်းအနီးကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြန်ဖြစ်မှာ စိုးရိမ်ပြီး ရွာသားတွေမနေရတော့ဘဲ စစ်ရှောင်ထွက်ပြေးကြတာ ဖြစ်တယ်။

မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီကျူးကျော်စစ် ဆက်လက်ဆင်နွှဲနေတာကြောင့် KNLA ဘက်ကလည်း ခုခံကာကွယ်ရန်အတွက်အသင့်ရှိနေတဲ့အတွက် ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲပြင်းထန်နိုင်တယ်လို့ ဖလူးကြီးရွာသားတယောက်က ပြောပါတယ်။

မြဝတီမြို့ခရိုင်၊ ဝေါလေဒေသ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ စစ်ရှောင်ပြည်သူအားလုံးကတော့  နေရပ်ပြန်သွားကြပြီလို့ ရွာသားတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေရဲ့ ကျူးကျော်စစ်ကြောင့် စစ်ဘေးရှောင်ထွက်ပြေးကြတဲ့ ပြည်သူတွေကတော့ လက်ရှိအချိန်ထိ အိမ်မပြန်ရဲကြသေးပါဘူး။

//
More News
Up