နည်းပြကလော့ပ်သည် ဂွါဒီယိုလာနှင့် တူချယ်တို့ထက် ပိုကောင်းဟု ဂေါ့ဇီ ချီးကျူး

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ နည်းပြဂွါဒီယိုလာနဲ့ တူချယ်တို့ထက် ပိုကောင်းတဲ့ နည်းပြ ဖြစ်တယ်လို့ ဂျာမန်ကစားသမား မာရီယိုဂေါ့ဇီက ချီးကျူးပြောပါတယ်။

ဂေါ့ဇီဟာ ဒေါ့မွန်အသင်းမှာ ကစားစဉ်က ယာဂန်ကလော့ပ်၊ သောမက်စ်တူချယ်တို့နဲ့ လက်တွဲခဲ့ဖူးသူပါ။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားစဉ်ကလည်း နည်းပြ ပတ်ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးနည်းပြ သုံးယောက်စလုံးနဲ့ သိကျွမ်းခဲ့သူလို့ ဆိုနိုင်ပါတယ်။

နည်းပြတိုင်းမှာ အားသာချက်ကိုယ်စီရှိကြသလို သူ့ဘောလုံးအမြင်နဲ့ သူရှိကြပေမဲ့ ယာဂန်ကလော့ပ်က လူတွေကို စီမံခန့်ခွဲတဲ့နေရာမှာ ပိုကောင်းတာကြောင့် အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ဂျာမနီသတင်းစာ BILD နဲ့ အင်တာဗျူးမှာ ဂေါ့ဇီက ပြောပါတယ်။

“နည်းပြတိုင်းကတော့ သူ့အားသာချက်နဲ့သူ ရှိကြသလို ကိုယ်ပိုင်ဘောလုံးဒဿနကိုယ်စီလည်း ရှိကြတယ်။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ ယာဂန်ကလော့ပ်က  အသင်း၊ ဝန်ထမ်းတွေနဲ့ ကလပ်တခုလုံးက လူတွေကို စီမံခန့်ခွဲတဲ့အပိုင်းမှာ အကောင်းဆုံးလုပ်နိုင်သူ ဖြစ်ပါတယ်” လို့ ဂေါ့ဇီက ပြောပါတယ်။

၂၀၁၆ ခုနှစ်က နည်းပြ ကလော့ပ်နဲ့အတူ ပြန်လည်လက်တွဲဖို့ အခွင့်အရေးရခဲ့ပေမဲ့ လီဗာပူးဆီပြောင်းရွှေ့ဖို့ ပယ်ချခဲ့တဲ့အပေါ် နောင်တရစရာမရှိကြောင်းလည်း ဂေါ့ဇီက ပြောပါတယ်။

အသက် ၃ဝ နှစ်ရှိ ဂေါ့ဇီဟာ ဟော်လန်ကလပ် ပီအက်စ်ဗွီကနေ ဖရန့်ဖတ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

//
More News
Up