Home
မြန်မာသတင်း
မြောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဗိုလ်ကြီး ၂ ဦးသေဆုံး
DVB
·
July 6, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၆ ရက် ဒီနေ့မနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDSOM တပ်ဖွဲ့က  ‌ပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) တပ်ဖွဲ့ဝင်တဦးက “မနက်ကတော့ အပြန်အလှန်ပစ်ခတ်တယ်။ တိုက်ပွဲအခြေအနေက အတည်ပြုလို့ မရသေးဘူးဗျ။ တပ်ရင်းမှူးတကောင်နဲ့ ၃ ပွင့် ၂ ကောင်ကျတယ် ကြားထားတယ်ဗျ။ ကျနော်တို့ဘက်က ကျည်ရှပ်မှန်တာ ဘာညာပဲ ရှိတယ်ဗျ။ နည်းနည်းပါးပါးပေါ့၊ ပါးကို ကျည်ရှပ်မှန်တာပေါ့။ မနက်ပိုင်းက တိုက်ပွဲကြာချိန် တနာရီလောက်ကြာတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး မနက်ပိုင်းစစ်ပွဲအပြီး နေ့လယ်ပိုင်းမှာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်ကြားက မြစ်သာကျေးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ် ဒေသခံတဦးက “လေယာဉ်နဲ့ပစ်နေတယ်၊ အခုဆုတ်သွားပြီဗျ။ မြစ်သာရွာထဲမှာ မီးရှို့နေတယ်ဗျ။ လတ်တလောတော့ မြစ်သာရွာထဲမှာ တပ်စွဲထားတုန်းဗျ။ ရွာထဲ သက်ကြီးရွယ်အိုလောက်ပဲ ကျန်တာဗျ။ ကျန်တဲ့သူတွေက အကုန်စစ်ဘေးရှောင်ရတာပေါ့ဗျာ။ သက်ကြီးရွယ်အိုတွေကျ ဘုန်းကြီးကျောင်းမှာပဲ နေတယ်ဗျ။ ရွာအထိခိုက်ကို မသိရသေးဘူး။ မြစ်သာရွာဘေး ပတ်ပတ်လည်တွေကိုရော ပစ်သွားတယ်ဗျ” လို့ ပြောပါတယ်။

လေယာဉ်ပေါ်တင်ပစ်ရတဲ့ MI-35 စက်လက်နက်အကြီးစားမျိုးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေစကြို-မြောင် နယ်စပ်အနီးက ကျေးရွာဒေသခံတဦးက “ရေစကြိုနဲ့ မြောင်နယ်စပ် မြစ်သာရွာနဲ့၊ မြစ်ဆုံရွာကြားမှာ ကြဲနေတာပါ၊ အထက်ရော အောက်ရော အသံတွေ ဆူညံသွားတာပဲ။ မနက်က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ စစ်(--) တွေ သေကြတယ်ကြားတယ်” လို့ ပြောပါတယ်။

လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာဟာ မြောင်နယ်မှာ ဒုတိယအကြိမ်မြောက် ပစ်ခတ်ခံရတာဖြစ်ပြီး လွန်ခဲ့တဲ့ တလနီးပါးလောက်ကလည်း တကြိမ်ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024