Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်ကောင်စီတပ်ဖွဲ့ တနေ့တည်း ၃ ကြိမ် တိုက်ခိုက်ခံရ
DVB
·
July 6, 2022

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၅ ရက်နေ့မှာ ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မနက် ၂ ကြိမ်နဲ့ ညနေ ၁ ကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မနက်ပိုင်း ၂ ကြိမ်တိုက်ခိုက်မှုဟာ ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုအဖွဲနဲ့အတူ အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သေမင်းတမန်အဖွဲ့၊ Yinmarbin Local PDF၊ Chindwin Galone Yazar ၊ Alpha Special Force ၊ True Of Force Monywa  တို့ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ 

ဘန့်ဘွေးရွာမကျေးရွာအတွင်းကနေ အရှေ့ဘက်ကိုထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ တိုက်ခိုက်မှုနှစ်ခုစလုံးဟာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းပိုင်းပေါ်မှာဖြစ်ကာ မနက် ၆ နာရီဝန်းကျင်လောက်က  ၅ မိုင်တိုးဂိတ်အနီး တကြိမ်နဲ့ မနက် ၇ နာရီခွဲလောက်က မြေဖွေးတောင်အနီးမှာ တကြိမ်ဖြစ်တယ်လို့ ချိုမိုင်မိုင် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ စစ်ကောင်စီတပ်သား ၃ ဦးလောက် ကျဆုံးခဲ့သလို ဒဏ်ရာရရှိတဲ့သူတွေလည်းများခဲ့ပြီး အရေအတွက်အတိအကျ မသိရသေးကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ပစ်ဗုံး ၁ လုံးနဲ့ ကြယ်ပွင့် ၁ ခုလည်း အခင်းဖြစ်နေရာက ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညနေပိုင်းတိုက်ခိုက်မှုဟာ ၅ နာရီဝန်းကျင်လောက်ကဖြစ်ပြီး ဘန့်ဘွေးရွာမကျေးရွားအတွင်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  PDF အဖွဲ့ပေါင်းစုံက အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်တာ လနဲ့ချီပြီးရှိနေသလို PDF ပူးပေါင်းအဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်ခံနေရကြောင်းနဲ့  အဲဒီစစ်ကောင်စီတပ်ဖွဲ့ကလည်း အနီးနားရှိ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေကို ယူဆောင်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ဖမ်းဆီးခဲ့ရတဲ့ ယင်းမာပင်မြို့နယ် လူငယ်သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ အဝင်းလေး(ခ)ဝင်းမိုးဇော်ဟာ လက်ရှိအချိန်ထိ အခြေအနေဘယ်လိုရှိတယ်ဆိုတာ မသိရသေးဘူးလို့ မိတ်ဆွေတဦးက ပြောပါတယ်။

ဖမ်းဆီးခံရစဥ်က သူနဲ့အတူပါလာတဲ့ ဒီပဲယင်းဒေသခံ ၂ ဦးဟာ ဘုတလင်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကြား ကတိုးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ ၃ ဦးကို ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအတွင်းမှာပဲ ချုပ်နှောင်ထားပြီး နှိပ်စက်စစ်ဆေးတာတွေလည်း ခံခဲ့ရကြောင်းနဲ့ ဇူလိုင် ၃ ရက် ညပိုင်းအရောက်မှာတော့ ဒီပဲယင်းဒေသခံ ၂ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အဝင်းလေးကတော့ ခန္ဓာကိုယ်အနေအထားအရ ကျန်နေခဲ့တာလို့ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

လက်ရှိအချိန်မှာ အဝင်းလေးရဲ့အခြေအနေ အသေးစိတ်မသိရသေးပေမယ့် စစ်ကောင်စီတပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အသက်ဆုံးသွားပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုမပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဝင်းလေး(ခ)ဝင်းမိုးဇော်ဟာ သူ့မိတ်ဆွေရှိတဲ့ ဒီပဲယင်းဘက်ကို တလတခါလောက် သွားလေ့ရှိပြီ ဒီပဲယင်းကနေ ယင်းမာပင်ဘက်ကိုအပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာလို့ သူနဲ့ရင်းနှီးသူတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024