
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းမကြီးပေါ်မှာ ဇူလိုင် ၄ ရက်နေ့က ကားတစီးပေါ်ကနေ ပီနံအိတ်ဖြူ ၃ လုံးနဲ့ ဘိန်းဖြူဆပ်ပြာခွက်အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။
နယ်မြေစိုးမိုးရေးဆောင်ရွက်မှုအရ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ/မရှိ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၄ ရက်နေ့က ခွန်မွန်းနွန်ကျေးရွာမှာ စစ်ဆေးနေစဉ် ကလေးမြို့ကနေ တမူးမြို့ကို မောင်းနှင်လာတဲ့ ၆ ဘီး Canda ကားတစီးပေါ်ကနေ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က အများပြည်သူရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်နောင်မှာလည်း မူးယစ်ဆေးဝါး၊ ရွှေမှောင်ခို၊ တရားမဝင် ငွေမည်းမှောင်ခို၊ သစ်မှောင်ခိုလုပ်ငန်းတွေကို ဆက်လက် ဖမ်းဆီးအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါတွေကို မသယ်ကြဖို့ တမူး PDF က ထပ်မံ သတိပေးထားပါတယ်။
“ကလေး-တမူး အာရှလမ်းပေါ်နယ်မြေစိုးမိုးနိုင်ရေးအတွက် လမ်းပေါ်မှာစစ်ဆေးတာပါ၊ စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့နဲ့ သယ်ယူတင်ဆောင်ခြင်း မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။ လိုက်နာမှူမရှိတဲ့သူတွေကိုတော့ စစ်ဆေးအရေးယူတယ်၊ ပါလာတဲ့ ထုတ်ကုန်တွေ မူးယစ်ဆေးဝါးတွေကိုတော့ ဖျက်ဆီးတယ်၊ ကားသမားတွေကိုတော့ အပြစ်ပေးတာမျိုးမရှိပါဘူး။”
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကလည်း ကလေး-တမူးအာရှလမ်းပေါ် မောင်းနှင်လာတဲ့ ကားတစီးပေါ်ကနေ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ၉၈ ဖာအား စစ်ဆေးတွေ့ရှိပြီး ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
သတင်း-ဇာနည်ဖြိုးဝေ