DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းစီမံကိန်းအတွင်းရှိ လယ်တီသိမ်စတင်ဖြိုဖျက်
DVB
·
March 31, 2014
လက်ပံတောင်းစီမံကိန်းအတွင်းရှိ လယ်တီသိမ်စတင်ဖြိုဖျက်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ် ဖြိုဖျက်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပါတယ်။

လယ်တီသိမ်ကျောင်းနဲ့ ဘုရားတွေက ကြေးနီစီမံကိန်းဧရိယာအတွင်း ကျရောက်နေတဲ့အတွက် မူလနေရာနဲ့ မီတာ ၁၅၀၀ လောက်ဝေးတဲ့ ကျေးရွာအနားကို ရွှေ့ပြောင်းဖို့ မတ် ၃၀ ရက်နေ့ မနက်ကတည်းက ရဟန်းသံဃာတွေကို ပင့်ဖိတ်ပြီး သိမ်နုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_50966" align="alignleft" width="400"]လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ် လယ်တီ သာသနိက အဆောက်အအုံများကို မြင်တွေ့ရစဉ်[/caption]

သိမ်နုတ်ပြီး ဖြစ်တာကြောင့် လယ်တီသိမ်၊ ကျောင်းနဲ့ သာသနိက အဆောက်အဦတွေကို အချိန်မရွေး ဖြိုချဖျက်ဆီးနိုင်ပြီး သိမ်ပတ်ဝန်းကျင်မှာလည်း လုံခြုံရေးချထားသလို ဒေသခံတွေကို လည်း ၀င်ရောက် ကြည့်ရှုခွင့် မပေးဘူးလို့ ဇီးတောကျေးရွာ စမ်းမြ၀တီကျောင်းတိုက်ဆရာတော် ဦးအာလောကက ဒီဗွီဘီကို မိန့်ပါတယ်။

“နောက်ဆုံးအခြေအနေက မနေ့ကမနက် ၅ နာရီစပြီးတော့ သိမ်နုတ်မှုကို ပြုလုပ်ပါတယ်။ သိမ်မြေနုတ်တယ်ပေါ့ဗျာ။ အဲဒီလို မြေနုတ်ပြီးရင် သိမ်ကို အချိန်မရွေး ဖျက်ဆီးဖို့ရာ ရှိတယ်ပေါ့။ ဒီဟာကိုတော့ မိုင်းတွေ ဘာတွေနဲ့ ခွဲပစ်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒီပြင် တခြား ဘူဒိုဇာတို့နဲ့ ထိုးပစ်မယ်လို့ပဲ ထင်ပါတယ်။ လုံခြုံရေးက သွပ်ဆူးကြိုးတွေ ခတ်ပြီးတော့ လုံးဝ ၀င်လို့မရဘူး။ အစောင့်အကြပ်တွေ အမျိုးမျိုးထားတယ် လုံးဝ ၀င်ခွင့်မရှိပါဘူး။”

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ လယ်တီသိမ် ဖြိုဖျက်တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အစီရင်ခံစာထဲမှာ ပြောတာကတော့ ဒီလိုမျိုး ပြောင်းရွှေ့မယ်ဆိုရင်တော့ မူလ အနေအထားမပျက် ပြောင်းရွှေ့ပေးရမယ်။ နောက်တခုက ဒေသခံများ အားလုံးရဲ့ သဘောတူညီချက် ဖြစ်မှာရမယ်ဆိုတာ ပါတယ်လေ။ ကျမတို့ ပြောချင်တဲ့ဟာကတော့ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်းတော့ လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးဆိုတာတော့ သေချာတာပေါ့လေ။ ဒါကို အခုဟာ လောလောဆယ် တာဝန်ရှိနေတာကတော့ ဒီအစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ လက်ထဲမှာပဲ အဓိက တာဝန်ရှိတယ်လေ။ ကျမတို့ကတော့ ပြီးပြည့်စုံသော အစီရင်ခံစာတရပ်ကို တင်ပြပြီးသွားပြီးပြီ။ ဒီအတိုင်း ဆောင်ရွက်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ပေါ်ပေါက်လာတဲ့ ကော်မတီရဲ့ တာဝန်တွေသာပဲဖြစ်တယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊  မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာဝမ်ပေါင် ကုမ္ပဏီကတော့ စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အီးအက်စ်အိုင်အေအစီရင်ခံစာ ပြုစုနေဆဲ ဖြစ်ပြီး တကယ်လို့ ဆိုးကျိုး သက်ရောက်မှုများနေရင် တော့ ရှေ့ဆက်ပြီး လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။

ယခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လက်ပံတောင်အရေးလုပ်ရှားသူ ဦးသော်ဇင်ကို အစိုးရက ထောင်ဒဏ် ၁ နှစ် ၃ လ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013