မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေမှာ ဇူလိုင်လ ၄ ရက်နေ့ကအမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF အား ထောက်ပံ့သူနဲ့ PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် ဌေးအောင်ကျေးရွာက ကိုထွန်းလင်းနဲ့ ဇနီးဖြစ်သူ မသန္တာအေးတို့ကို ဇူလိုင် ၄ ရက် နေ့လယ် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မြိုင်မြို့ကနေ စျေးဝယ်ပြီး ခရီးသည်တင်ကားနဲ့ ရွာအပြန် မြိုင်-ချောင်းဆုံ ကားလမ်းမှာ စစ်ကောင်စီတပ်က ဖမ်ဆီးပြီး မြိုင်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် မြေစွန်းကျေးရွာက ကုန်တင်ကားမောင်းတဲ့ ကိုကျော်စိုးဝင်းနဲ့ ယာဥ်နောက်လိုက် ကိုမျိုးလှိုင်ဝင်းတို့ကိုတော့ ဇူလိုင် ၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ မြေစွန်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က ရေစကြိုမြို့ အမှတ်(၃) ရပ်ကွက်မှာ ကုန်ကားကို တားပြီး စစ်ရာမှာ ကိုကျော်စိုးရဲ့ လက်ကိုင်ဖုန်းထဲမှာ PDF ကို အားပေးထောက်ခံတဲ့ စာသားတွေတွေ့တယ်ဆိုပြီး ဖမ်းဆီးကာ ကိုမျိုးလှိုင်ဝင်းကိုတော့ PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲဖမ်းဆီးကာ ရေစကြို မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၄ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၃၉၃ ယောက်ရှိပြီး အဲဒီထဲက ၁၂၁၂ ယောက်က ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။