ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ထိုင်းကင်းလှည့်တပ်ဖွဲ့က ဇူလိုင် ၄ ရက် ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ထောင်ဖာဖွန်ခရိုင်၊ ဆန်ခလာဘူရီခရိုင်တွေအပါအဝင် နိုင်ငံအနောက်ပိုင်း ခရိုင် ၄ ခုထဲမှာ စစ်တပ်နဲ့ ရဲတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲမှာ အမျိုးသား ၁၂ ယောက်နဲ့ အမျိုး သမီး ၇ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာက စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသတွေကနေ ထိုင်းနိုင်ငံ ဆမွတ်စာခွန်း၊ ရယောင်၊ ကန်ချနဘူရီနဲ့ ဘန်ကောက်စတဲ့ ဒေသတွေမှာ အလုပ်ရှာ ပေးမယ်ဆိုတဲ့ ပွဲစားတွေရဲ့ ကတိနဲ့ ခုလိုလာရောက်ခဲ့ကြတာဖြစ်ပြီး ပွဲစားခ တယောက်ကို ဘတ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။
လတ်တလောမှာတော့ သူတို့ကို ခရိုင် ၄ ခုက သက်ဆိုင်ရာ ရဲစခန်းတွေဆီ လွှဲပြောင်းကာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုအပါအဝင် ဥပဒေကြောင်းအရ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါး နေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင် နယ်စပ် ဖြတ်ကျော်လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။