ချောင်းဦးတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၆၀၀ ကျော်ရှိလာ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ဇူလိုင် ၃ ရက် ဒီနေ့အထိ  စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းမီးရှို့မှုကြောင့် အိမ်ခြေစုစုပေါင်း ၆၂၈ အိမ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမြင့်တိုက်နယ် လူထုသပိတ်ခေါင်းဆောင် ကိုဖြိုးဝေက ဒီဗွီဘီကို ပြောပါတယ်။ 

"ကျနော်တို့ အမြင့်တိုက်နယ်ထဲက ရွာတွေကို စစ်တပ်နဲ့ပျူစောထီးတွေပေါင်းပြီး ပြည်သူနေတဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ရွာတွေကတော့ ဝယာရွာ ၁၉ အိမ်၊ ယာကြီးတောရွာ ၅၇ အိမ်၊ အင်းမရွာ ၉၂ အိမ်၊ ရွာသစ်ရွာ ၃ အိမ်၊ ငွေသာရွာ ၂ အိမ်၊ ရွှေလှေရွာ ၁၃၁ အိမ်၊ ဆီပုဂံရွာ ၃၇ အိမ်၊ တပါယ်အင်းရွာ ၈၇ အိမ်၊ မကျီးတန်းရွာ ၁၅ အိမ်၊ တောကျောင်းလေးရွာ ၁၇၁ အိမ်၊ ကုန်းသာရွာ ၈ အိမ်၊ ညောင်ပင်တဲရွာ ၁ အိမ်နဲ့ ရှမ်းထူးရွာ ၅ အိမ် ဖြစ်ပါတယ်။ ဝယာကျေးရွာအုပ်စုက ယာကြီးတောကြေးရှာဟာ ပျူစောထီးရွာနဲ့ နီးကပ်လွန်းတာကြောင့် ကျနော်တို့ ဒရုန်းနဲ့သာ ခန့်မှန်းထောက်လှမ်းနိုင်ပြီး ခန့်မှန်းအိမ်ခြေ ၅၇ လုံးလို့သာ တွက်ချက်ထားတာဖြစ်ပါတယ်။”  

မီးရှို့ခံရတာ လူနေအိမ်စာရင်းသာဖြစ်ပြီး နွားစာတိုက်နဲ့ မီးဖိုချောင်လို့ အဆောက်အဦတွေ ထည့်ထွက်မထားဘူးလို့ ကိုဖြိုးဝေက ပြောပါတယ်။

လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတာကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သွားကြသူတွေ ရှိသလို အချို့က ပိုင်ဆိုင်တဲ့ မြေယာတွေပေါ် တဲထိုးပြီး နေထိုင်နေကြရသူတွေရှိကြောင်း၊ မြေယာပိုင်ဆိုင်မှုမရှိတဲ့ မီးဘေးသင့် ပြည်သူတွေကတော့ အလျဉ်းသင့်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးကျေးရွာ ၃ ရွာရှိနေပြီး ပြည်သူတွေဟာ ပျူစောထီးတွေရဲ့ အန္တရာယ်ပြုမှုကြောင့် လယ်ယာလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်ကြတော့ဘူးလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန့်နိုင်က ပြောပါတယ်။

အခက်များစွာကြောင့် နေအိမ်မပြန်နိုင်တော့တဲ့ မီးဘေးသင့် ပြည်သူတွေကို ‘ပြည်သူမှ ပြည်သူသို့’ ကူညီစောင့်ရှောက်တဲ့ ပုံစံနဲ့ ချောင်းဦးမြို့နယ်အတွင်းက ပြည်သူတွေ၊ ရပ်နီးရပ်ဝေး အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက လှူဒါန်းကူညီပေးလာတာ လအနည်းငယ်ကြာပြီလို့ အမြင့်တိုက်နယ် လူထုသပိတ်ခေါင်းဆောင်ကိုဖြိုးဝေက ပြောပါတယ်။

အချိန်ကာလကြာမြင့်လာတာနဲ့အမျှ လက်ရှိ အလှူရှင်နည်းပါးလာတာကြောင့် မီးဘေးသင့်ပြည်သူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး လှူဒါန်းပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

//
More News
Up