Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ဘီးလင်း PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
DVB
·
July 3, 2022
289578883_1916847018646224_8572393009046241008_n
289578883_1916847018646224_8572393009046241008_n

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီပြီးနောက် ရိုက်နက်ညှဉ်းပန်းသတ်ဖြတ်ပြီး အလောင်းမြေမြှုပ်သွားတယ်လို့ သထုံခရိုင် PDF  တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

PDF ရဲဘော် ၂ ဦး ဖြစ်တဲ့ ရဲဘော်ပန်းမြင့်နဲ့ ရဲဘော်ကိုကိုမောင်တို့ဟာ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းတို့နဲ့အတူ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးခံ PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်က ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအနီးမှာ ရိုက်နက်စစ်ဆေးမြန်းတာတွေ လုပ်ဆောင်ပြီး သေနတ်နဲ့ ပစ်သတ်ကာ အလောင်းကို မြေမြှုပ်သွားခဲ့တာပါ။

သထုံခရိုင် PDF  တာဝန်ခံကတော့ စစ်ကောင်စီတပ်က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်မလိုက်ဘဲ သတ်ဖြတ်မှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ အခုလို လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော် ၂ ဦးကို “နွေဦးအာဇာနည်သူရဲကောင်းများ” အဖြစ် မှတ်တမ်းတင်ထားရှိကြောင်းနဲ့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားခဲ့မှု သမိုင်းကြောင်း ထွန်းပြောင်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)  သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းကိုလည်း ရိုက်နက်နှိပ်စက်ပြီး ချီတက်ရာ လမ်းတလျှောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားသလို လက်ရှိမှာတော့ ကရင်ပြည်နယ်၊ ကမမောင်းဘက်ကို ဖမ်းဆီးခေါ်သွားတာပါ။

ဦးကျော်မျိုးမင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ်(၂) ကိုယ်စားလှယ်နေရာအဖြစ် ရွေးချယ်ခံခဲ့ရပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024