မူလတန်းကလေးများ ပစ်သတ်ခံခဲ့ရမှုကြောင့် ယူဗယ်လ်ဒီရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နုတ်ထွက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ယူဗယ်လ်ဒီမူလတန်းကျောင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပေါ် ဝေဖန်ခံနေရတာကြောင့် ရဲတပ်ဖွဲ့အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ဇူလိုင် ၂ ရက်နေ့ ထုတ်ပြန်တဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

ကလေး ၁၉ ဦးနဲ့ ဆရာ ၂ ဦး သေဆုံးခဲ့ပြီး မြို့ငယ်လေးကို ဝမ်းနည်းကြေကွဲစေခဲ့တဲ့ မေ ၂၄ ရက် ပစ်ခတ်မှုမတိုင်မီ ရက်သတ္တပတ်နည်းနည်အလိုမှာ ကျောင်းရဲတပ်ဖွဲ့အကြီးအကဲ ပိထ် အာရေဒွန်ဒို ဟာ ယူဗယ်လ်ဒီမြို့တော်ကောင်စီမှာ ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။

ယူဗယ်လ်ဒီမှာ နောက်ထပ် အနှောင့်အယှက်တွေကို လျှော့ချဖို့ သူရာထူးမှ နုတ်ထွက်တယ်လို့ အာရေဒွန်ဒိုက စာထဲမှာ ရေးထားပါတယ်။

သူ နုတ်ထွက်မယ့် အစီအစဉ်တွေကိုလည်း ယူဗယ်လ်ဒီ လီးဒါးနယူးစ်ကနေ ပထမဆုံး ဖော်ပြခဲ့ပါတယ်။

“အခင်းဖြစ်ပွားရာနေရာမှာ တပ်မှူးဖြစ်သူ အာရေဒွန်ဒိုဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေချခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာရှိတဲ့ အရာရှိတွေဟာလည်း လုံလောက်တဲ့ လေ့ကျင့်မှု ကင်းမဲ့ခဲ့တယ်၊ အသက်တွေကို ကယ်တင်နိုင်တဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဆုံးရှုံးခဲ့ရတယ်” လို့ ပြည်နယ် ဥပဒေစိုးမိုးရေး ထိပ်တန်းအရာရှိတယောက်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ 

ရော့ဘ်မူလတန်းကျောင်းမှ ကလေးတွေ၊ ဝန်ထမ်းတွေ မိဘတွေနဲ့ ဆွေမျိုးသားချင်း အများအပြားဟာ သေနတ်သမား ကျောင်းထဲဝင်လာတဲ့နောက် ရဲတပ်ဖွဲ့က အရေးယူဖို့ နှောင့်နှေးနေခဲ့တာအတွက် ဒေါသထွက်ခဲ့ကြပါတယ်။

အမေရိကန်နယ်ခြားစောင့်တပ် ဦးဆောင်တဲ့ နည်းဗျူဟာအဖွဲ့ဟာ နောက်ဆုံးမှာ ရောက်လာပြီး အသက် ၁၈ နှစ်အရွယ် သေနတ်သမားကို မသတ်မီ စင်္ကြံမှာ ရဲအရာရှိ ၁၉ ယောက်လောက် စောင့်ဆိုင်းနေခဲ့ပါတယ်။

“ပစ်ခတ်မှုဖြစ်ခဲ့တဲ့ စာသင်ခန်းသော့ကို ရဲတွေက ရှာရင်း အချိန်ဖြုန်းခဲ့တယ်။ အဲဒီအခန်းက သော့ခတ်မထားဘူး”လို့ ပြည်နယ်အရာရှိတဦးက ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

//
More News
Up