ယူကရိန်း လူနေတိုက်ခန်းနှင့် အပန်းဖြေစခန်းကို ရုရှား ဒုံးကျည်ထိမှန်၊ ၁၈ ဦးထက်မနည်း သေဆုံး

ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ဆိပ်ကမ်း အိုဒေဆာအနီးရှိ လူနေတိုက်ခန်းတခုနဲ့ အားလပ်ရက် အပန်းဖြေစခန်း ၂ ခုကို ဇူလိုင် ၁ ရက်က ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူ ၁၈ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အိုဒေဆာဒေသမှာ ရုရှားဒုံးကျည်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ် အနေနဲ့ ဇူလိုင် ၁ ရက်က ၁ မိနစ် ငြိမ်သက်ခဲ့ပါတယ်။

မနက် ၁ နာရီလောက်မှာ ဘီလ်ဟိုရို့ဒ် နစ်စထရို့ဗ် စကိုင်ယီခရိုင် ဆာရ်ဟိဗ်ကာရွာရှိ အဆောက်အဦကို ဒုံးကျည်တစင်း ထိမှန်ခဲ့ပြီး လူ ၁၆ ‌‌ယောက် သေဆုံးခဲ့ကြောင်းနဲ့ လူပေါင်း ၄၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိုဒေဆာဒေသ အရေးပေါ်တာဝန်ရှိသူ အီဟို့ရ် ဘူဒါလန်ကိုက ဒေသဆိုင်ရာ ရုပ်မြင်သံကြားကို ပြောပါတယ်။

လူ ၁၅၂ ယောက်နေထိုင်တဲ့ အဆောက်အဦအတွင်း ပိတ်မိနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒုံးကျည်တွေဟာ အနီးနားရှိ အားလပ်ရက် အပန်းဖြေစခန်း ၂ ခုကိုလည်း ထိမှန်ခဲ့ကြောင်း အိုဒေဆာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆဲရ်ဟိ ဘရာချီက ပြောကြားခဲ့ပါတယ်။

အိုဒေဆာ ဒေသအုပ်ချုပ်ရေးမှူး မာခ်ဆင်မ် မာ့ချန်ကိုကတော့ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်နဲ့ ဆေးရုံတက်နေရသူ ၃၁ ယောက်ရှိကြောင်း တယ်လီဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ရုရှားဟာ ဆိုဗီယက်ခေတ်က တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည် Kh-22 တွေကို အသုံးပြုခဲ့တာဖြစ်ပြီး သူတို့အားလုံးဟာ ပင်လယ်နက်ရဲ့ ဦးတည်ရာကနေ ထွက်လာတာလို့လည်း သူကပြောပါတယ်။ရိုက်တာကတော့ ဒီဖြစ်စဉ် အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

//
More News
Up