မြန်မာစစ်တပ်က ကလေးများကို နှိပ်စက်သတ်ဖြတ်နေ၊ လုံခြုံရေးကောင်စီ အမြန်အရေးယူရန် တောင်းဆို

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးသူငယ် အရေအတွက်ဟာ ထိတ်လန့်စရာကောင်းအောင်များပြားနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇွန် ၂၉ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံ ပြောကြားလိုက်တာဖြစ်ပြီး  နိုင်ငံတကာရဲ့ မြန်မာအရေးဆောင်ရွက်ချက်တွေ အလုပ်မဖြစ်လို့ လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံက ကလေးငယ် အမြောက်အမြား  လူအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ အကြမ်းဖက်မှုခံခဲ့ရတဲ့ အပေါ်မှာ မြန်မာစစ်တပ်က လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ သောမတ်စ်အန်ဒရူးစ်က ပြောပါတယ်။

ပြန်လည်ပြုပြင်လို့မရနိုင်တဲ့  ထိခိုက်နစ်နာမှုတွေ ကြုံခဲ့ရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ လူငယ်တွေနဲ့ သူတွေ့ဆုံခဲ့တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အတိုက်အခံတွေအပေါ် စစ်တပ်ရဲ့ သွေးထွက်သံယို နှိမ်နင်းမှုတွေကြောင့် အရပ်သားပြည်သူ ၂,၅၀၀ ကျော်သေဆုံးပြီး လူပေါင်း ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းဟာ အခုဆိုရင် ၁၁,၀၀၀ ကျော်ရှိသွားပြီး သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း ကွပ်မျက်မယ်လို့ စစ်အာဏာရှင်က ကြေညာထားပါတယ်။ 

ဖမ်းဆီးခံရသူတွေအထဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေ ၁,၄၀၀ ကျော်ရှိပြီး ၃၈၂ ယောက်က အသတ်ခံရတာ ဒါမှမဟုတ် သေရာပါဒဏ်ရာရခဲ့တာနဲ့ ၁၄၂ ယောက်ကတော့ စစ်ကြောရေးမှာ ထိန်းသိမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ သောမတ်စ်အန်ဒရူးစ်က ပြောပါတယ်။

“ဒီကလေးတွေဟာ ရိုက်နှက်ခံရ၊ ဓားနဲ့ဖြတ်ခံရ၊ အထိုးခံရတာ၊ ဆေးလိပ်မီးနဲ့တို့ခံရတာ၊ လက်သည်းခွံတွေ ခွာခံရ၊ သွားတွေအနုတ်ခံရတာ၊ အတင်းအဓမ္မ ဒဏ်ပေးခံထားရတာ၊  သတ်ဖြတ်ပစ်မယ့်ပုံစံမျိုး ခြိမ်းခြောက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ခံစားခဲ့ရတယ်။”

အခုလို အရပ်သားတွေအပေါ် အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။

ဒီကျူးလွန်မှုတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုလို့ဆိုးရွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း သောမတ်စ် အန်ဒရူးစ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုတနှစ်အတွင်းမှာပဲ ကလေးငယ်ပေါင်း ၃၃,၀၀၀ လောက်ဟာ  ပုံမှန်ကာကွယ်ဆေးမထိုးနိုင်တဲ့အတွက် ကာကွယ်နိုင်တဲ့ရောဂါတွေနဲ့ သေဆုံးနိုင်ဖွယ်ရှိနေပြီး ကလေးငယ် ၅ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေ အလုပ်မဖြစ်တဲ့အကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ အကောင်အထည်ပြနိုင်တဲ့ ရလဒ်ထွက်မလာကြောင်းနဲ့ လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်ဖို့ မြန်မာပြည်သူတွေက ဆက်လက်စောင့်ဆိုင်းနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က တိုက်တွန်း ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကိုတော့ စစ်ကောင်စီ ကိုယ်စားလှယ်ရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ပါ တက်ရောက်တာမရှိတဲ့အတွက် မြန်မာထိုင်ခုံနေရာမှာ လစ်လပ်နေပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံ ပြောဆို ဆုံးဖြတ်ချက်ချတာတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက ပါဝင်ခြင်းမရှိသလို အမြဲတမ်း ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်လေ့ ရှိပါတယ်။

//
More News
Up