Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် UG လူငယ်များကို စစ်ကောင်စီက ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေ
DVB
·
July 1, 2022

မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း ပြောက်ကျားလူငယ်တွေနဲ့ UG လူငယ်တွေကို  စစ်ကောင်စီအဖွဲ့တွေက အခုရက်ပိုင်းတွေမှာ ဆက်တိုက် ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ တော်လှန်လူငယ်တွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ စစ်ကောင်စီက အင်အား ၄၀၀ ကျော်အသုံးပြုကာ တော်လှန်ရေး အဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေရှင်းလင်းရင်းနဲ့ လူငယ်တွေကိုလည်း ဖမ်းဖို့ကြိုးစားနေတာလို့   Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ 

မန္တလေးတိုင်းထဲက မြို့ပေါ်နေရာတွေကို စစ်ကောင်စီက အသာစီးယူထိန်းချုပ်ထားနိုင် ဆဲဖြစ်တာကြောင့် ပြောက်ကျားလူငယ်တွေဟာ မြို့နဲ့ခပ်လှမ်းလှမ်းအကွာကနေပဲ လှုပ်ရှားနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တပ်သားအင်အားနည်းလာတာကြောင့် ပျူစောထီးတွေကို သင်တန်းပေးပြီး အရင်ထက်ပို အသုံးပြုလာတယ်လို့လည်း ဗိုလ်ဇီးရိုးက ပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့-မြင်းခြံအဖွဲ့တာဝန်ခံ  ဗိုလ်ဇီးရိုးက “မြင်းခြံခရိုင်ထဲက ငါန်းဇွန်နဲ့ မြစ်ကြောင်းတလျှောက်မှာ မိုင်းရှာတာတွေရှိတယ်။ မြင်းမူနဲ့ ငါန်းဇွန်နယ်စပ်မှာ စစ်ကြောင်းထိုးတာ မိုင်းရှာတာတွေလည်းလုပ်တယ်။ မြင်းခြံခရိုင်ထဲမှာ အင်အားများတယ်ဗျ။ မှန်းခြေ အင်အား လေးငါးရာရှိမယ်ဗျ။ ပုဂံ-ညောင်ဦးဘက်တွေရော မလှိုင်နဲ့ နွားထိုးကြီးဘက်တွေရော၊ မြို့သာဘက်တွေရော တော်တော်အင်အားများတယ်။ အင်အားအလုံးအရင်းနဲ့ ပိုက်စိပ်တိုက်ပြီး ရှာနေတယ်ဗျ။ မိုင်းဖော်ရင်းနဲ့ PDF တွေကို လိုက်ရှာတဲ့သဘောပါပဲဗျ။ သိုသိုသိပ်သိပ် လှုပ်ရှားနေရတာပေါ့ဗျာ။ မြင်းခြံခရိုင်မှာတော့ အဖွဲ့တွေကလည်းများပါတယ်။ နေရာအနှံ့မှာရှိတော့ ရှိနေကြပါတယ်။ ကျနော်တို့ ကလေးတွေက တော်တော်လေးတော့ အတွေ့အကြုံရလာပြီဗျ။ တော်လှန်ရေးသက်လေးလည်းရှည်လာတော့ သူတို့လှုပ်ရှားမှုကို ကြိုတင်သိတယ်၊ ခန့်မှန်းနိုင်တယ်။ ကင်းထောက်တွေလည်း ရှိတဲ့အခါကြတော့ လောလောဆယ်တော့ အန္တရာယ်ကင်းစွာ လှုပ်ရှားနိုင်နေတယ်ပေါ့။ သူတို့အကြောင်းသိပြီး သိုသိုသိပ်သိပ်လှုပ်ရှားနိုင်တော့ လက်ရှိအချိန်အထိတော့ မိတာတော့နည်းပါတယ်။ တဖွဲ့နဲ့တဖွဲ့ချိတ်ဆက်ပြီးတော့ လုပ်နေပါတယ်။"

ရန်ကုန်တိုင်းမှာလည်း စစ်ကောင်စီက  ပျူစောထီးတွေကို သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးတာတွေရှိ လာတယ်လို့ ရန်ကုန် UG လူငယ်တွေက ပြောပါတယ်။

ရန်ကုန်မှာ ဇွန်လအတွင်း UG လူငယ်တွေနဲ့ သပိတ်လူငယ်တွေကို အဖမ်းအဆီးကြမ်းခဲ့ပြီး အဖမ်းခံရတဲ့လူငယ်တွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်နှိပ်စက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေရှိနေပေမယ့် UG လူငယ်တွေဟာ တော်လှန်ရေးကို မြဲမြဲဆုပ်ကိုင်ထားတယ်လို့ ရန်ကုန် UG လူငယ်တစ်ယောက်က ပြောပါတယ်။

ရန်ကုန် UG လူငယ်တဦးက “တော်လှန်ရေးမှာ ကျင်လည်နေတဲ့ CDM ပဲဖြစ်ဖြစ်၊ UG ပဲဖြစ်ဖြစ် တောထဲက တပ်ဖွဲ့ဝင်တွေပဲဖြစ်ဖြစ် ကျနော်တို့က အဆုံးစွန်ထိတိုက်မှ ရတော့မယ်ဗျ။ ကျနော်တို့မှာက အိမ်ချိပ်ပိတ်ခံရတာတွေရှိမယ်။ UG ထဲကတချို့ နာမည်စာရင်းပေါက်သွားလို့ ပြန်လို့မရတော့တာမျိုးတွေရှိမယ်။ UG နဲ့ တောထဲက တပ်ဖွဲ့ဝင်တော်တော်များများက လိုင်းပေါ်မှာ လူသိများလာပြီဆိုရင် သူတို့ အိမ်ချိပ်ပိတ်တာတွေ ဒီထက်ပြင်းထန်တာတွေလုပ်မယ်ပေါ့။ အဲ့တော့ ကျနော်တို့ တော်လှန်ရေးကို မြဲမြဲဆုပ်ကိုင်ထားမှရမယ်ဗျ။"လို့ ပြောပါတယ်။

UG လူငယ်တွေနဲ့ သပိတ်လူငယ်တွေဟာ ပေါ်ပေါ်ထင်ထင်အလှူခံလို့မရတာ၊ လူသိခံလို့ မဖြစ်တာတွေကြောင့် လက်နက်ရရေး၊ နေရေး၊ စားရေး အခက်အခဲကြုံနေရတယ်လို့ ထောက်ပို့ပြုလုပ်ပေးနေတဲ့ အဖွဲ့တခုက ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီဖေးမပေးကြဖို့ အကူအညီပေးနေတဲ့အဖွဲ့တွေက မေတ္တာရပ်ခံထားတယ်လို့ စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ (URF)တပ်ဖွဲ့ဝင် ကိုအောင်ဇေယျက ပြောပါတယ်။

"ပြည်သူလူထုကို အဓိက ဘာမှာချင်လဲဆိုတော့ လက်ရှိမှာ UG တွေ အရမ်းခက်ခဲနေတဲ့ အနေအထားတွေပေါ့။ တချို့တွေဆိုရင် UG လုပ်နေရင်းနဲ့မှာ မိသားစုစားဝတ်နေရေးအရ လုပ်ငန်းခွင်ပြန်ဝင်နေရတာတွေက တော်လှန်ရေးအတွက် အရမ်းကိုအထိနာစေပါတယ်။ UG ရဲ့ အင်အားစုတွေ မသေဘဲလျော့တာကတော့ အရမ်းရုပ်ဆိုးလွန်းပါတယ်ပေါ့။ အဲ့ဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ ကိုယ်လက်လှမ်းမီတဲ့သူ ကိုယ်ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး မြေပြင်က UG တွေကို ကူညီပေးပါ။ UG တွေကလည်း တကယ်လုပ်ပြီးတော့ တကယ်ပေးဆပ်နေပါတယ်။ ကျနော်တို့လည်း ဆက်ပြီးကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

မန္တလေးတိုင်းမှာ လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်ဖို့စပြီး ကြိုးစားကတည်းက စစ်ကောင်စီရဲ့ ဒလန်တယောက်ဖြစ်တဲ့ ဗိုလ်ထွန်းတောက်နိုင်ပါဝင်ခဲ့တာကြောင့် မန္တလေးတော်လှန်ရေးတပ်ဦးဟာ အထိနာခဲ့ရပါတယ်။

လက်နက်တွေ ဆုံးရှုံးခဲ့ရသလို တော်လှန်ရေးလမ်းကြောင်းတွေ ပေါက်ကြားခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ လက်ဦးမှု ရယူထိန်းချုပ်တာကို ခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းမှာလည်း သပိတ်လူငယ်တွေနဲ့ UG လူငယ်တွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပြီး  စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေ ၁၄၀၀ လောက် တရားလက်လွတ် ဖမ်းဆီးခံရပြီး  ၃၈၂ ယောက် အသတ်ခံရကာ  ၁၄၂ ယောက်က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့အတွက်  နိုင်ငံတကာက စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က  ဇွန် ၃၀ ရက်က လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံ တိုက်တွန်းထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024