
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၉ ရက် တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား ၇ ဦးကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန် ၂၃ ရက်နေ့က ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို ဇွန် ၂၉ ရက်နေ့ကလည်း လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့နဲ့ Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စနိုက်ပါအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၊ Fighter က ၃ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ဒီစာရင်းက ကျနော်တို့ စနိုက်ပါ အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တဲ့ စာရင်းတွေပါ။ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ပဲ ပူးပေါင်းပြီး တိုက်နေတာပါ။ သီးသန့် မစ်ရှင်လုပ်တာမျိုးတော့ မရှိပါဘူး။ စစ်ကောင်စီဘက်က သေဆုံးမှုတွေကို စနိုက်ပါသမားတွေကို ပံ့ပိုးပေးတဲ့ စကုတ်သမားတွေက အတည်ပြုပေးတယ်လို့ ပြောပါတယ်။
ဖယ်ခုံမြို့နဲ့ မလှမ်းမကမ်းရွာတွေမှာ လက်ရှိ နှစ်ဘက် စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီ တပ်မ ၆၆ နဲ့ တပ်မ ၅၅ တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။