Home
မြန်မာသတင်း
အေအေအတွက် ဆေးစိမ်ခြင်ထောင်ပေးမှုဖြင့် ကျန်းမာရေးဝန်ထမ်း ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
July 1, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  ကျန်းမာရေးဝန်ထမ်းတယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတာ  သီတင်း ၂ ပတ်နီးပါးရှိနေပြီး  အခုထိအဆက်အသွယ်မရသေးဘူးလို့  မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူဟာ မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးဘက်ကျွမ်းကျင် ၃၊ စောမင်းနိုင် အသက် ၃၈ နှစ် ဖြစ်​ပြီး ဇွန် ၁၉ ရက် မနက်က ပြည်နယ်ကျန်းမာရေးရုံးကနေ နယ်လုံဝန်ကြီးရဲ့ အမိန့်နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

မိသားစုဝင်တဦးက “သူ့ကို ပြည်နယ်ကျန်းမာရေးရုံးကနေ စ.ရ.ဖက စစ်ဆေးဖို့ ခေါ်သွားတာ။ ဒီနေ့ဆို ၁၃ ရက်ရှိနေပြီ။ သူနဲ့ တွေ့ခွင့်မရသလို ဖုန်းအဆက်အသွယ်လည်း မရသေးဘူး” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာတွေအတွက် ကျန်းမာရေးဌာနရဲ့ အစီအစဥ်နဲ့ ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေပေးမှုမှာ ရက္ခိုင်တပ်တော် (အေအေ) ဘက်ကို ခြင်ထောင်တွေ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တွေမြို့ရှိ ပြည်နယ်ကျန်းမာရေးရုံးကို ဆင့်ခေါ်ပြီး အခုလို ဖမ်းဆီးစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက “ကျန်းမာရေးဌာနက နှစ်စဥ်နှစ်တိုင်း မောင်တောမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို မိုးရာသီမှာ ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေနေကျပါ။ အခုက အေအေကို ခြင်ထောင်တွေပေးခဲ့တယ်ဆိုပြီး မတရားစွပ်စွဲချက်နဲ့ သူ့ကိုဖမ်းဆီးထားတာ။ သက်သေအထောက်အထားလည်း မရှိဘူး” လို့ ပြောပါတယ်။

အခုလို သံသယနဲ့ စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကျန်းမာရေးဝန်ထမ်း ကိုစောမင်းနိုင်ကို အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024