သီရိလင်္ကာတွင် သမ္မတ ရာထူးကနုတ်ထွက်ပေးရေး အတိုက်အခံများ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီ ဆမားဂီဂျာနားဘာလာဝေဂရာကို ထောက်ခံသူ ရာပေါင်းများစွာဟာ သမ္မတ ရာဂျာပက်ခ်စာအစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုဖို့အတွက် ဇွန် ၃၀ ရက်က မြို့တော် ကိုလံဘိုရှိ ရထားဘူတာရုံကြီးရဲ့ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

သမ္မတ ရာဂျာပက်ခ်ဆာဟာ သူတို့ အသက်ရှင်နေတဲ့ သက်တမ်းအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းအတွက် တာဝန်ရှိသူလို့ ဆန္ဒပြသူတွေက စွပ်စွဲပြောကြားလိုက်ပြီး သမ္မတအိမ်တော်ဆီ ချီတက်ခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက “ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ စီးပွားရေးသမားတွေ၊ လူလတ်တန်းစားတွေလို နေ့စဥ်ဝင်ငွေရှာပေးနေသူတွေရဲ့ လုပ်အားခတွေက ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်” လို့ ဆန္ဒပြသူတွေကို ပြောကြားခဲ့ပါတယ်။

ပြည်သူတိုင်းဟာ ဒီ ရာဂျာပက်ခ်ဆာ သူခိုးမျိုး သူခိုးနွယ်တွေကို တိုင်းပြည်ကနေ၊ အစိုးရကနေ ဆွဲချပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့လည်း ပြောပါတယ်။

သမ္မတဟာ သူ့ဆွေမျိုးတွေကို နိုင်ငံရဲ့ အဓိကရာထူးတွေ ပေးအပ်ထားတာနဲ့ IMF က ထောက်ပံ့ငွေရှာဖို့ နှေးကွေးနေတဲ့အတွက် ငွေကြေးအကျပ်အတည်း ကြုံရတာလို့ ဝေဖန်ခံနေရတာပါ။

သူ့ကို ရာထူးကနေနုတ်ထွက်ဖို့ နှစ်ရှည်လများ ဖိအားပေးခံနေရပေမဲ့ သူကတော့ သူ့ရာထူးသက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်ထိ ဆက်ရှိနေဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူထားကြတဲ့  သမ္မတရဲ့ ညီအစ်ကိုနှစ်ယောက်ကတော့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေအပြီးမှာ အခုနှစ်အစောပိုင်းက ရာထူးကနေ နုတ်ထွက်သွားကြပါတယ်။

လတ်တလောလတွေအတွင်း ဆန္ဒပြမှုတွေကြောင့် အဓိကဝန်ကြီးတချို့ ရာထူးကနေ နုတ်ထွက်သွားကြပြီး သမ္မတ ရာဂျာပက်ခ်ဆာနဲ့ ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရာမန်ဆင်းဂ် တို့ဟာ နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရုန်းကန်နေကြရပါတယ်။

ဇွန် ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီနဲ့ အုပ်ချုပ်ရေးတိုးတက်ဖို့အတွက် အမှီအခိုကင်းတဲ့ ကော်မရှင်ကိုးခုကို ဖွဲ့စည်းမှာဖြစ်ပါတယ်။

ကော်မရှင်တွေဟာ လူ့အခွင့်အရေးမြှင့်တင်ဖို့၊ အစိုးရအေဂျင်စီတွေရဲ့ အမှားအယွင်းတွေကို တိုးမြှင့်စာရင်းစစ်ဖို့နဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေကို အားကောင်းလာစေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ကို ဇူလိုင်လမှာ လွှတ်တော်ကို တင်ပြနိုင်ကြောင်း တရားရေးဝန်ကြီး ဝီဂျယ်ဒါဆာ ရာဂျာပက်ရှေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ နောက်ဆုံးမှာ ဥပဒေအဖြစ် မပြဋ္ဌာန်းခင် နောက်ထပ်ပြောင်းလဲမှုတွေကို ကြုံနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီပြင်ဆင်ချက်ဟာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလုံလောက်ကြောင်း ဝေဖန်သူတွေက ပြောဆိုကြပါတယ်။

//
More News
Up