
ဇွန် ၃၀ ရက် မနေ့က ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တနေရာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုတွေကြား ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ဆေးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်တွေမှာတော့ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ လုယက်ခိုးယူတာတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီဘက်က အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေသလို ဒေသခံတွေကို ဖမ်းဆီးခြိမ်းခြောက် သတ်ဖြတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောကာလမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့လည်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။